(ပြည်တွင်း) ဧပြီ ၂၃
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) သို့ သွားရောက်ကာ ဆေးရုံတက်ရောက်ကုသနေသည့် အာမခံအလုပ်သမားများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံကာ အာမခံအလုပ်သမားများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများပေးအပ်နိုင်ရေး အထူးအလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ထို့ပြင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။
လူမှုဖူလုံရေးစီမံကိန်းသည် အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ ယုံကြည်အားထားရသည့် အဖွဲ့အစည်းဖြစ်စေရန် ကောင်းမွန်သော ဆေးကုသဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးမှာ အရေးကြီးကြောင်း နှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာပြီး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်း ပြင်ပလူနာဌာနနှင့် ဆေးရုံတက်ရောက်ကုသနေသည့် အာမခံအလုပ်သမားလူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ပြီး လှူဒါန်းငွေများပေးအပ်ကာ ကျောက်ကပ်သန့်စင်ခြင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအတွက် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း အပါအဝင် ကျန်းမာရေးဝန်ဆောင်မှုပေးရေးဌာနများစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ကာလအတွင်း လူနာဦးရေ ၁၁ သိန်းကျော်ကို ကုသပေးနိုင်ခဲ့ပြီး ဆေးဖိုးပြန်အမ်းအမှုတွဲ ၇၇,၈၀၇ မှုအတွက် ကျပ်သန်း ၇,၉၇၄ ကျော် ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်နေခြင်းသည် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးကောင်းမွန်မှုအတွက် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
#PAN