(ပြည်တွင်း) ဧပြီ ၂၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလည်း Video Conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ပြီး၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ဆဲ စီမံကိန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် အကြမ်းဖက်ဖျက်ဆီးခံထားရသည့် ရေအားလျှပ်စစ်စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအတွင်း လုံခြုံရေးအခက်အခဲများကြောင့် အချို့လုပ်ငန်းများ နှောင့်နှေးမှုများရှိနေကြောင်း သိရသည်။
လက်ရှိတွင် LNG စွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေပြီး စက်မှုဇုန်များနှင့် လုပ်ငန်းကြီးများသို့ တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်းဖြင့် သီးသန့်ဓာတ်အားလိုင်းများကနေ ဖြန့်ဖြူးပေးလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် နေရောင်ခြည်စွမ်းအင်တို့မှ လက်ရှိထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အားအခြေအနေများကို တွက်ချက်သုံးသပ်ပြီး၊ ရရှိနိုင်သော စွမ်းအင်အရင်းအမြစ်များကို စနစ်တကျအသုံးပြုကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးချိန်ကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ယင်းအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင် ၁၆ နာရီမှ ၁၈ နာရီအထိ ဖြန့်ဖြူးပေးနေရာမှ ၁၈ နာရီမှ ၂၀ နာရီအထိ တိုးမြှင့်ပေးမည်ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းလည်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ထို့အပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ယခင် ၁၂ နာရီခန့်သာ ရရှိနေသည့် လျှပ်စစ်ဓာတ်အားကို အနည်းဆုံး ၁၄ နာရီအထိ နေ့စဉ်တိုးမြှင့်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးချိန် တိုးမြှင့်ပေးမှုကို ယနေ့ ညနေ ၃ နာရီမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
#PAN