ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပမည်

(ပြည်တွင်း) ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပမည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ သာသနာရေးဝန်ကြီးဌာနနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည့် ဧပြီ ၃၀ ရက်တွင် ကျရောက်မည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို သုံးရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သံဃာတော်များဖိတ်ကြားရေး၊ အထိမ်းအမှတ်ပြပွဲများ ပြုလုပ်ရေး၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ စီစဉ်ရေး၊ အထိမ်းအမှတ်စာစောင်နှင့် အမှတ်တရပစ္စည်းများ ထုတ်ဝေရေး စသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကလည်း ဆဋ္ဌသင်္ဂါယနာတင် ၃၁ အုပ်ကို Scan ဖတ်၍ ပြသနိုင်ရေးနှင့် အထိမ်းအမှတ် တီရှပ်၊ ရေခွက်၊ ကီးချိန်း၊ ဘောပင်နှင့် ပြက္ခဒိန်များ ထုတ်ဝေနိုင်ရေး ဆောင်ရွက်နေကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် သက်ဆိုင်ရာ ဆပ်ကော်မတီများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အသေးစိတ်တင်ပြခဲ့ကြပြီး လိုအပ်သည့်ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုကျင်းပမည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားသည် ဗုဒ္ဓသာသနာတော်၏ ဂုဏ်ရည်ကို မြှင့်တင်ပေးမည့် အထူးအရေးပါသည့် အခမ်းအနားကြီးတစ်ရပ် ဖြစ်ကြောင်း သိရသည်။