ဘိုကလေးမြို့နယ်တွင် ဂရန်အင်းနှင့် ပိုက်ချက်များ ရောင်းချခြင်းအခမ်းအနား ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ နယ်အတွင်း ၂၀၂၆-၂၀၂၇ လုပ်ငန်းရာသီအတွက်(ပထမအကြိမ်) ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် ပိုက်ချက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို မြို့တော်ခန်းမတွင် ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီခန့်မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဧပြီ ၂၄ ရက်နေ့အထိ နှစ်ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဒေသတွင်း ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ အတွက် လေလံနှင့် တင်ဒါစနစ်ဖြင့် ရောင်းချဆောင်ရွက်သွားမည်ဖြစ်သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးလှဌေး၊ ဒေါ်သင်းသင်းမော်တို့အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လေလံတင်ရောင်းချခြင်းနှင့် တင်ဒါစနစ်ဖြင့် ရောင်းချမှုများကို သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။