ရှင်သာမဏေကို ရိုက်နှက်မှုဖြစ်စဉ်တွင် ဆရာတော်တစ်ပါးအား သိက္ခာချကာ အမှုဖွင့်စစ်ဆေးနေ

(မှုခင်း) ဧပြီ ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် ရှင်သာမဏေကို ရိုက်နှက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာတော်တစ်ပါးအား သိက္ခာချကာ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာန မှ သိရသည်။

ဖြစ်စဉ်အရ ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဆရာတော် ဦးတေဇအား မြိတ်မြို့နယ် သံဃနာယကအဖွဲ့ (မူလဒွါရ) ဥက္ကဋ္ဌ ဆရာတော်၏ ကျောင်းတိုက်သို့ ခေါ်ယူကာ တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့နှင့် မြို့နယ်၊ ရပ်/ကျေး သံဃနာယကအဖွဲ့ဝင် ဆရာတော်များက မေးမြန်းစိစစ်ခဲ့ကြောင်း သိရသည်။

စိစစ်မေးမြန်းရာတွင် ဆရာတော် ဦးတေဇက ရှင်သာမဏေကို ရိုက်နှက်ဆုံးမခဲ့ကြောင်း ဝန်ခံခဲ့သဖြင့် မွန်းလွဲ ၃ နာရီခွဲခန့်တွင် သိက္ခာချပြီး လူဝတ်လဲပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးတေဇ (ခ) ဦးထွန်းလှိုင် (အသက် ၄၁ နှစ်)အား မြိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။