မိုးညှင်းမြို့နယ်တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်

(ပြည်တွင်း) ဧပြီ ၂၃

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်အတွင်း နန့်ပုတ်ကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် တတိယအကြိမ် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို နံနက် ၉ နာရီခန့်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိန်ဝင်းထွန်းနှင့် ဦးစိန်လွင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထက်အောင်တို့အပြင် ခရိုင်နှင့် မြို့နယ်အဆင့် ပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒေသခံ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များက မဲဆွယ်ကာလအတွင်း ပေးအပ်ထားသည့် ကတိကဝတ်များနှင့် နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀) စီမံချက်များကို ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့အပြင် တက်ရောက်လာသော ပြည်သူများ၏ အကြံပြုချက်များနှင့် လိုအပ်ချက်များကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက် ၁၁ နာရီခန့်တွင် ရုပ်သိမ်းခဲ့ပြီး ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံတာဝန်ရှိသူများက နန့်ပုတ်ကျေးရွာနှင့် ကာဒူကျေးရွာ ချိတ်ဆက်ထားသည့် ကုန်ထုတ်လမ်းနှင့် တံတားအခြေအနေများကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။