

(ပြည်တွင်း) ဧပြီ ၂၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဧပြီ ၂၃ ရက် နံနက် ၉ နာရီခန့်၌ မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအပြင် မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်များ ပြန်လည်ရှင်းလင်းရေး၊ ချုံနွယ်များဖုံးလွှမ်းနေသည့် နေအိမ်များကို သန့်ရှင်းရေးဆောင်ရွက်ရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် လျှပ်စစ်မီးရရှိရေးအဆင့်လိုက် ဆောင်ရွက်နေမှုများ၊ စာသင်ကျောင်းများ ပြုပြင်တည်ဆောက်ရေးနှင့် အသစ်တည်ဆောက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးကဏ္ဍများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် မီးဘေးကာကွယ်ရေးဆိုင်ရာ စီမံချက်များကိုလည်း ဌာနအလိုက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။