တာချီလိတ်တွင် စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ဂေဟစနစ်ပျက်စီး—မိုးရာသီနီးလာသဖြင့် ရေကြီးရေလျှံအန္တရာယ် စိုးရိမ်မှုမြင့်တက်နေ

(ပြည်တွင်း) ဧပြီ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းများ၏အပေါ်ဘက်ဒေသများတွင် စည်းကမ်းမဲ့ ရွှေသတ္ထုတူးဖော်မှုများကြောင့် သဘာဝဂေဟစနစ်များ ထိခိုက်ပျက်စီးလာပြီး မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာမည်ကို ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မယ်ဆိုင်ချောင်း (ပုန်းထွန်ချောင်း)၊ နမ့်ယွမ်ချောင်း၊ လွယ်စီတုံချောင်း (မယ်ခေါင်ချောင်း) နှင့် မယ်ဟုတ်ချောင်းတို့၏ အပေါ်ဘက်ဒေသများတွင် တရားမဝင် ရွှေတူးဖော်လုပ်ငန်းများကြောင့် ချောင်းရေများအတွင်း နုံးမြေများ အဆမတန်ပါဝင်စီးဆင်းလာခြင်းနှင့်အတူ အမည်မသိ အက်စစ်ရည်များပါဝင်စီးဆင်းနေကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယင်းအခြေအနေများကြောင့် ချောင်းတွေတိမ်ကောပျက်စီးလာသည့်အပြင် သဘာဝဂေဟစနစ်များ ပျက်စီးဆုံးရှုံးနေပြီး ရေကြီး၊ ရေလျှံဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်ကြောင်း ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကျင်းပပြုလုပ်သည့် သဘာဝဘေး ရေကြီးရေလျှံမှု အန္တရာယ်ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူများက တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတ္ထုတွင်းဝန်ကြီးဌာန တာချီလိတ်မြို့ မန်နေဂျာ ဦးဇေယျာအောင်က ၎င်းတို့ဌာနအနေဖြင့် ခွင့်ပြုထားသည့် ရွှေသတ္ထုတူးဖော်လုပ်ငန်းများ မရှိကြောင်းနှင့် တရားမဝင် လုပ်ကိုင်မှုများ တွေ့ရှိပါက ရဲစခန်းတွင် သက်ဆိုင်ရာဥပဒေပုဒ်မ ၃၀(က) အရ အမှုဖွင့် တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့သည့်အပြင် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေ ကျပ်သိန်း ၅၀ ခန့် ချမှတ်ခံရနိုင်ကြောင်းလည်း အသိပေးခဲ့သည်။

ထို့ပြင် တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်ကလည်း တရားမဝင် ရွှေတူးဖော်လုပ်ငန်းများကို တွေ့ရှိပါက ဓာတ်ပုံ၊ ဗီဒီယိုနှင့် အထောက်အထားများနှင့်တကွ ၎င်းထံ တင်ပြနိုင်ပြီး လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုးရာသီကာလနီးကပ်လာပြီဖြစ်သဖြင့် အဆိုပါ တရားမဝင် ရွှေတူးဖော်လုပ်ငန်းများကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာနိုင်မည်ကို ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

#PAN