မြန်မာ-ထိုင်း ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး ဆွေးနွေး—နယ်စပ်လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းမှုများ အလေးထား

(ပြည်တွင်း) ဧပြီ ၂၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့ တက်ရောက်ခဲ့ကြသည်။

ထိုင်းဘက်မှလည်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် H.E. Mr. Kallayana Vipattipumiprates နှင့် Gen. Nothapol Boonngam တို့အပါအဝင် ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများအဖြစ် ရှည်လျားသော သံတမန်ဆက်ဆံရေးရှိနေမှုများနှင့် ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်ခိုင်မာစေရန်၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ လျှော့ချရေး၊ နယ်စပ်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နေမှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားမည့် အခြေအနေများကိုလည်း ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖိတ်ခေါ်ထားရှိမှုအခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့် ဆက်စပ်သည့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ထိုင်းနိုင်ငံမှ ဆက်လက်ပံ့ပိုးကူညီသွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။