ရထားလမ်းများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

(ပြည်တွင်း) ဧပြီ ၂၀

ရထားလမ်းများ ကောင်းမွန်ရေးအတွက် ရထားလမ်းများအားလုံးကို တတ်နိုင်သရွေ့ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အဆိုပါ အမှာစကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လတ်တလောအနေဖြင့် ရန်ကုန်–မန္တလေး ရထားလမ်း၊ ရန်ကုန်–မော်လမြိုင် ရထားလမ်းနှင့် ရန်ကုန်–ပြည် ရထားလမ်းများကို ဦးစားပေး အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြစ်ကြီးနား–မိုးကောင်း–မိုးညှင်း ရထားလမ်းပိုင်းတွင်လည်း တံတားပြင်ဆင်ခြင်းများနှင့် လမ်းပြင်ဆင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရထားလမ်းများသာမက ရထားစက်ခေါင်းများ၊ တွဲများနှင့် စက်ရုံများကိုပါ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။