
(ပြည်တွင်း) ဧပြီ ၂၀
တောင်သူလယ်သမားများအတွက် ချေးငွေနှုန်းထား တိုးမြှင့်ပေးနိုင်ရေး စီမံချက်ကို ရက်ပေါင်း ၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အဆိုပါ အမှာစကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းစီမံချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများအား ချေးငွေများ တိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ပြီး စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါတို့အတွက် တစ်ဧကလျှင် ကျပ် ၃ သိန်းအထိ၊ အခြားသီးနှံ ၁၈ မျိုးအတွက် ကျပ် ၂ သိန်းခွဲအထိ၊ ပန်းနှမ်း၊ ဆီမုန်ညှင်းနှင့် ဂုံလျှော်တို့အတွက် ကျပ် ၁ သိန်းခွဲအထိ တိုးမြှင့်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လယ်ယာသုံးစက်ကိရိယာ ချေးငွေများအတွက် ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ ကျော်ပါက သတ်မှတ်စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။