

(မှုခင်း) ဧပြီ ၂၁
MDY_PDF အဖွဲ့တွေ ဌာနချုပ်အဖြစ်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် ၄ လ ကျော်အကြာ ဒီနေ့မှာ စဉ်ကူးမြို့မှာရှိတဲ့ မြန်မာ့စီပွားရေးဘဏ်ခွဲကို ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။
စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက် ၉ နာရီက အဆိုပါဘဏ်ခွဲရှေ့မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အလယ်ပိုင်တိုင်းစစ်ဌာနချုပ်က စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာ၀င်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်း၊ မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်မိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာ့ စီးပွားရေးဘဏ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်တွေနဲ့ ပက်ဖျန်းပေးခဲ့တယ်လို့ သိရပါတယ်။
MDY_PDF အဖွဲ့တွေ ဌာနချုပ်အဖြစ် ဖွင့်လှစ်ပြီး ယာယီစိုးမိုးထားတဲ့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
တပ်မတော်စစ်ကြောင်းတွေအနေနဲ့ စဉ့်ကူးမြို့ နဲ့ အဲဒီဒေသတစ်ဝိုက်ကို ပြန်လည်သိမ်းပိုက်ချိန်က တိုက်ပွဲကြီး/ငယ် အကြိမ် ၅၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံကနေ အလောင်း ၂၂ လောင်း၊ လက်နက်မျိုးစုံ ၄၇ လက်အပါအဝင် ဆက်စပ်ပစ္စည်း တွေ သိမ်းဆည်းရမိခဲ့ကာ တပ်မတော်ဘက်က အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဆည်တော်ကြီး ရေလှောင်တမံရဲ့ ဆည်ရေပိုလွှဲ ရေတံခါး အဖွင့်/အပိတ် မောင်းခလုတ်၊ ဆည်တမံဘောင် နဲ့ ရေထိန်းတံခါးတို့ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးဖို့ လုပ်ဆောင်ထားတာကို တွေ့ရတဲ့အတွက် တပ်မတော်အနေနဲ့ လက် မတင် အချိန်မီ တားဆီးထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။