

(မှုခင်း) ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီ ၁၇ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်များအရ ယင်းဒဏ်ရာရရှိသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာနေ ကိုဝင်းမိုးကျော် (၂၃)နှစ် ဖြစ်ကြောင်း သိရသည်။
စိစစ်ချက်များအရ ကိုဝင်းမိုးကျော်သည် ဧပြီ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်အနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချခဲ့သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင်လည်း အလားတူ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦး ရောက်ရှိလာကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စိစစ်ခဲ့ရာ ယင်းကလေးငယ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာနေ မအေးသီရိကျော် (၁၀)နှစ် ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မအေးသီရိကျော်သည် ဧပြီ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်အနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ပစ်ချခဲ့သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။