


(မှုခင်း) ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်များအရ ယင်းဒဏ်ရာရရှိသူမှာ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်နေ ဦးတင်ဦး (၅၃)နှစ် ဖြစ်ကြောင်း သိရသည်။
စိစစ်ချက်များအရ ဦးတင်ဦးသည် ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရပ်ကွက်အနီးရှိ ၎င်းပိုင် ဥယျာဉ်ခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပြည်လုံးကျော်ကျေးရွာနေ ကိုမောင်သူ (၂၆)နှစ်နှင့် ရွာသစ်ကလေးကျေးရွာနေ ကိုအောင်စိုးလင်း (၂၇)နှစ်တို့သည် မင်းလှမြို့နယ်၊ စက်စက်ယိုကျေးရွာအနီးရှိ တောအတွင်း၌ အမဲလိုက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား ဆေးကုသနိုင်ရေးအတွက် မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရပြီး ဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။