တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားယူနစ် လျှော့ချကောက်ခံမည်

(ပြည်တွင်း) ဧပြီ ၂၀

လျှပ်စစ်ဓာတ်အား အသုံးပြုနေသော ပြည်သူများ၏ စရိတ်ဝန်ထုပ်ဝန်ပိုး လျော့ချနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခများကို ယူနစ် လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီမှ ယမန်နေ့ ဧပြီလ ၁၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားကြောင်း သိရသည်။

တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း) အနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ယနေ့ထိ အိမ်သုံးမီတာတစ် ယူနစ်လျှင် ဒေသသုံးထိုင်းဘတ်ငွေ ၅.၈၀ ဘတ်နှုန်းဖြင့်လည်းကောင်း ၊လုပ်ငန်းသုံးပါဝါမီတာ တစ်ယူနစ်လျှင် ၇.၂ဝ ဘတ်နှုန်းဖြင့်လည်းကောင်း အသီးသီးကောက်ခံဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ဓာတ်အားအသုံးပြုသူများ၏ စရိတ်လျော့ပါးစေရန်အတွက် ၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လအထိ သုံးလစာကာလအတွင်း သုံးစွဲယူနစ်ဓာတ်အားခများအား အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၅.၇၀ ဘတ်နှုန်းသို့လည်းကောင်း၊ လုပ်ငန်းသုံးပါဝါမီတာ တစ်ယူနစ်လျှင် ၇.၁၀ ဘတ်နှုန်းသို့လည်းကောင်း ပထမအကြိမ်လျှော့ချပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။