ကရင်ပြည်နယ်တွင် “ရက် ၁၀၀ စီမံချက်” စတင်မည် — မြေယာ၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းဝန်ဆောင်မှုများ အမြန်ဆောင်ရွက်ပေးမည်

(ပြည်တွင်း) ဧပြီ ၁၉

ကရင်ပြည်နယ်အစိုးရ၏ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်” အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ ပြည်သူလူထု၏ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံချက်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေရန်နှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝနှင့် တိုက်ရိုက်ဆက်စပ်သည့် ဝန်ဆောင်မှုများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အဆိုပါ ရက် (၁၀၀) စီမံချက်အောက်တွင် မြေယာနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) အသစ်လျှောက်ထားခြင်းနှင့် အမည်ပြောင်းလဲခြင်းများ၊ ရသင့်ရထိုက်သော မြေငှားဂရန်များနှင့် စက်မှုမြေငှားဂရန်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများတွင် အိမ်ထောင်စုဇယား ပုံစံ (၁၀) ထုတ်ပေးခြင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) အသစ်ပြုလုပ်ခြင်းနှင့် အဟောင်းများ လဲလှယ်ပေးခြင်း၊ အသက်အရွယ်အလိုက် မှတ်ပုံတင် ပြောင်းလဲပြုလုပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာပိုင်းဆိုင်ရာအနေဖြင့် UID ရိုက်ကူးပေးခြင်းနှင့် E-ID Server တွင်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း အချက်အလက်များကို စီစစ်ပြင်ဆင်ပေးခြင်းတို့ကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုစီမံချက်သည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်ကာလကန့်သတ်၍ တစ်စုတစ်စည်းတည်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်းများကို အချိန်တိုအတွင်း ရရှိနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် အစိုးရနှင့် ပြည်သူကြား ယုံကြည်မှု တိုးမြှင့်နိုင်ခြင်းနှင့် စီမံခန့်ခွဲမှု စနစ်တကျဖြစ်စေရန် အထောက်အကူပြုနိုင်မည်ဟု ခန့်မှန်းထားသည်။

#PAN