(ပြည်တွင်း) ဧပြီ ၁၉
စိုက်ပျိုးရေးရာသီအတွင်း တောင်သူများ စက်သုံးဆီအခက်အခဲ လျော့နည်းစေရန်အတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီများကို လယ်ယာမြေလုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့် ပူးပေါင်းကာ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ တောင်သူများအတွက် စက်သုံးဆီကို သက်သာသောဈေးနှုန်းဖြင့် လွယ်ကူစွာ ဝယ်ယူနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ယင်းအစီအစဉ်အရ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံများ ထွန်ယက်စိုက်ပျိုးနေသည့် ကျေးရွာများသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီကို တစ်ဂါလန်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လယ်ယာမြေလုပ်ငန်းခွင်အရောက် တိုက်ရိုက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဧပြီ ၁၈ ရက်တွင် လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ ကျေးရွာများအတွက် စုရပ် ၇ နေရာတွင် လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းများအတွက် အသုံးပြုရန် ပြည်တွင်းထုတ်ဒီဇယ်ဆီ စုစုပေါင်း ၄၅၄၂ ဂါလန်ကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ နွေစပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့လည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တောင်သူများအတွက်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ထောက်ခံချက်ဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ လယ်ယာမြေလုပ်ငန်းခွင်အရောက် တိုက်ရိုက်ရောင်းချပေးခြင်းသည် စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၏ ကုန်ကျစရိတ်လျော့နည်းစေရေးအတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ရသည်။


#PAN