
(ပြည်တွင်း) ဧပြီ ၂၂
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအားကောင်းလာစေရန် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားများကို ဆက်လက်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ပြည်တွင်းလုံခြုံရေးတာဝန်သည် မူလအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့်အခြေအနေအရ တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လုံခြုံရေးကိစ္စရပ်များကို ပါဝင်ဖြေရှင်းဆောင်ရွက်ေနရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် အခြားနိုင်ငံများတွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို တပ်မတော်က ပါဝင်ဖြေရှင်းဆောင်ရွက်လေ့ရှိကြောင်းလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့ကို နယ်မြေထိန်းသိမ်းသည့်ရဲတပ်ဖွဲ့ Armed Force Police နှင့် ဥပဒေစည်းကမ်းထိန်းသိမ်းသည့်ရဲတပ်ဖွဲ့ Law Force Police ဟူ၍ အမျိုးအစားနှစ်မျိုးရှိကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ပြည်တွင်းလုံခြုံရေးနှင့် ပဋိပက္ခနှိမ်နှင်းရေးလုပ်ငန်းများတွင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှုများမှ အောင်မြင်မှုများရရှိခဲ့ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ပါက ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်များ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားတည်ဆောက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အလေးထားပြောကြားခဲ့သည်။
ယခုမိမိတို့ တာဝန်ထမ်းဆောင်ချိန် ၅ နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအားများမြှင့်တင်ပေးသွားရန်လိုကြောင်း၊ စည်းကမ်းပိုင်းဆိုင်များနှင့်ပတ်သက်၍ ကောင်းမွန်သည့်အကျင့် (Good Practice) များရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သွားလာနေထိုင်မှုနှင့် ဝတ်စားဆင်ယင်မှုများ စည်းကမ်းများကောင်းမွန်ရန်နှင့် အဂတိတရားကင်းရှင်းမှုများရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။


အုပ်ချုပ်ရေးပိုင်းတွင်လည်း ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်အဆင့်များ၌ တာဝန်ယူဆောင်ရွက်နေသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေများနှင့် အုပ်ချုပ်ရေးအခြေခံသဘောတရားများကို သိရှိနားလည်သည့် စွမ်းရည်ပြည့်ဝသော အဖွဲ့အစည်းများဖြစ်စေရန် လိုအပ်ကြောင်း၊ အဂတိကင်းရှင်းသော အုပ်ချုပ်ရေးစနစ်များဖြစ်စေရန် စနစ်တကျ လေ့ကျင့်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#PAN