ကိုရင်ငယ်အား ရိုက်နှက်မှုဖြစ်စဉ်အတွက် သံဃာတစ်ပါး ဖမ်းဆီးအရေးယူ

(ပြည်တွင်း) ဧပြီ ၂၂

မြိတ်မြို့တွင် ကိုရင်ငယ်တစ်ပါးအား ပြင်းထန်စွာ ရိုက်နှက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက သံဃာတစ်ပါးကို လူဝတ်လဲကာ ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကိုရင်ငယ်အား ရိုက်နှက်ခဲ့သူမှာ မြိတ်မြို့ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းမှ ဦးတေဇဆိုသူ သံဃာဖြစ်ကြောင်း သိရပြီး လက်ရှိတွင် သံဃာ့နာယကဆရာတော်များက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အား ကူညီစုံစမ်းခဲ့သည့် ဆရာတော် ဦးသုနန္ဒက လူမှုကွန်ရက်မှတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အရေးယူဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာ ဆက်သွယ်ရေးတာဝန်ရှိသူများ၊ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြိတ်ခရိုင် သာသနာရေးမှူးတို့အားလည်း သာသနာရေးအလေးထားကာ ဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်တစ်ခုမှာ ဧပြီ ၂၁ ရက် ညပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီး ကိုရင်ငယ်အား သံဃာတစ်ပါးမှ ပြင်းထန်စွာ ရိုက်နှက်ထိုးကြိတ်နေသည့် ရုပ်သံပါဝင်ခဲ့သဖြင့် ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ယင်းနောက် လူမှုကွန်ရက်အသုံးပြုသူများအကြား အဆိုပါသံဃာအား အရေးယူပေးရန် တောင်းဆိုမှုများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီးနောက် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN