(ပြည်တွင်း) ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် ဘာသာရေးနှင့် လူမှုကူညီရေး အခမ်းအနားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းနေထိုင်ကြသည့် ရဟန်းရှင်လူများ ဘေးဘယာကင်းဝေးစေရန် ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပခဲ့ရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရ နှင့် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်မှ မဟာနာယက ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ တို့ ဦးဆောင်သော သံဃာတော် ၁၀၈ ပါး တက်ရောက်၍ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဌ ဦးကျော်မြင့်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ အပါအဝင် ဖိတ်ကြားထားသူများ စုစုပေါင်း ၁၂၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် နံနက် ၆ နာရီတွင် ၂၆ လမ်း၊ ၇၁×၇၂ လမ်းကြားရှိ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ သံဃာတော် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ကုသိုလ်ရှင်များမှ ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် နံနက် ၇ နာရီတွင် မြို့တော်စည်ပင်သာယာရေးရုံးရှေ့ ကျုံးရေပြင်တွင် ဇီဝတဒါန ငါးလွှတ်ပွဲကိုဆက်လက်ကျင်းပခဲ့ရာ ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးသားပေါက် စုစုပေါင်း ၅၀,၀၀၀ ခန့် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၇ နာရီ၂၀ မိနစ်တွင် မြို့တော်ခန်းမ၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အသက် ၈၀ မှ ၉၀ ကျော်အတွင်း အဘိုး ၉ ဦး၊ အဘွား ၂၆ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဘိုးဘွားများအား နံနက်စာဖြင့် ဧည့်ခံခြင်း လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်းများပြုလုပ်ခဲ့ကြပြီးနာက် အသက် ၉၂ နှစ်ရှိ အဘိုး ဦးမြင့်ဆွေမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခမ်းအနားများကို မေတ္တာပို့ သာဓုခေါ်ဆိုခြင်းနှင့် အမျှအတန်းပေးဝေခြင်းတို့ဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
#PAN