

(ပြည်တွင်း) ဧပြီ ၁၅
မန္တလေးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယနေ့ မဟာသင်္ကြန် အတက်နေ့တွင် မြို့တော်အနှံ့ ပျော်ရွှင်စွ ဆင်နွှဲနေကြောင်း သိရသည်။
မန္တလေးကျုံးပတ်လည်တွင် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာ မဏ္ဍပ်များနှင့် အသင်းအဖွဲ့များ၏ ရေကစားမဏ္ဍပ်များ တည်ဆောက်ထားပြီး အဆိုတော်များ၏ ဖျော်ဖြေမှုများ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့်အတူ ပြည်သူများ ပျော်ရွှင်စွာ ရေပက်ကစားနေကြသည်။


ပွဲတော်အတွင်း တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှု ယိမ်းအဖွဲ့များ၏ ရိုးရာကပြဖျော်ဖြေမှု စတုဒီသာမဏ္ဍပ်များမှ အစားအသောက်များ ဝေမျှပေးမှုတို့ ပါဝင်နေပြီး မန္တလေးမြို့နှင့် နယ်အနယ်အရပ်ရပ်မှ ပြည်သူများ စိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ မဟာသင်္ကြန်အကျနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက မန္တလေး လမ်းလျှောက်သင်္ကြန် မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျုံးဘေးရှိ မဏ္ဍပ်အသီးသီးကိုလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရိုးရာယဉ်ကျေးမှု ပေါ်လွင်နေသော ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်သည် ရိုးရာယဉ်ကျေးမှုနှင့် ပျော်ရွှင်မှုများ ပေါင်းစပ်ထားသော ပွဲတော်တစ်ခုအဖြစ် ပြည်သူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လျက်ရှိပြီး မြန်မာ့ရိုးရာအတာသင်္ကြန်၏ အလှတရားကို ထင်ဟပ်ပြသလျက်ရှိကြောင်း သိရသည်။