မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင်လွှတ်တော်ကော်မတီဖွဲ့စည်းရေးအပါအဝင် ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့် အရေးပါသည့်လုပ်ငန်းစဉ်များ အတည်ပြုခဲ့

(ပြည်တွင်း) ဧပြီလ ၁၁

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ကျင်းပရာခဲ့ရာ လွှတ်တော်ကော်မတီများဖွဲ့စည်းခြင်းနှင့် ပြည်နယ်အစိုးရဖွဲ့စည်းရေးဆိုင်ရာ အရေးပါသော လုပ်ငန်းစဉ်များကို အဆင့်လိုက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် သဘာပတိ ရွေးကောက်တင်မြှောက်ပြီး ကတိသစ္စာပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သလို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့သည်။ ထို့နောက် သဘာပတိက လွှတ်တော်ဥက္ကဋ္ဌထံ တာဝန်လွှဲအပ်ခဲ့ပြီး ဥက္ကဋ္ဌ ဦးသက်ထွေးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဖွဲ့စည်းရေးနှင့် ရပိုင်ခွင့် လုပ်ပိုင်ခွင့်၊ တာဝန်များကို လွှတ်တော်သို့ တင်ပြဆွေးနွေးပြီး အတည်ပြုခဲ့ပြီး တတိယနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယကမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားမှတ်တမ်းတင်ခဲ့ပြီး ဥပဒေပြုရေးနှင့် တိုင်းရင်းသားရေးရာဆိုင်ရာ ကော်မတီများ ဖွဲ့စည်းခြင်းကိုလည်း အတည်ပြုခဲ့သည်။

စတုတ္ထနေ့တွင် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပဉ္စမနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်း၊ ဝန်ကြီးဌာန (၇) ခုနှင့် ဝန်ကြီး (၇) ဦးတို့ကို လွှတ်တော်က သဘောတူခဲ့သည်။

ထို့အပြင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အပါအဝင် တရားသူကြီး (၄) ဦးကိုလည်း အတည်ပြုခဲ့သည်။
ဆဋ္ဌမနေ့တွင် တိုင်းရင်းသားလူမျိုးရေးရာဆိုင်ရာ ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တင်ပြမှတ်တမ်းတင်ခဲ့ပြီး ပြည်နယ်အဆင့်ဝန်ကြီးများအဖြစ် ခန့်အပ်မည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများကိုလည်း လွှတ်တော်က သဘောတူခဲ့သည်။


သတ္တမနေ့တွင် အစိုးရ၏ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဋ္ဌမနေ့တွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ကတိသစ္စာပြုကာ တာဝန်ထမ်းဆောင်မှု စတင်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းတင်ခဲ့ကာ မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးပြီး‌မြောက်ခဲ့သည်။

#PAN