သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံပြီးနောက် ထိုင်ဝမ်အတိုက် အခံခေါင်းဆောင်က ‘ပြန်လည်သင့်မြတ်ရေး’ တောင်းဆို

(နိုင်ငံတကာ) ဧပြီ ၁၀

     ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ် (Cheng Li-wun) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သည် ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့ကြပြီး၊ နှစ်ဖက်အကြား ကာလရှည်ကြာ တင်း မာနေသည့် အငြင်းပွားမှုများကို “ငြိမ်းချမ်းစွာ” ဖြေရှင်းနိုင်ရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဆွေး နွေးခဲ့ကြသည်။

​     တွေ့ဆုံပွဲအတွင်း ခေါင်းဆောင်နှစ်ဦးစလုံးက ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း ကတိပြုခဲ့ကြသည်။ ချန်လီဝမ်သည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ရှီကျင့်ဖျင်နှင့် တွေ့ဆုံခွင့်ရသည့် အဆင့်အမြင့်ဆုံး ထိုင်ဝမ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ချန်သည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံလိုသည့် ကူမင်တန် (KMT)ပါတီ၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ် သည်။

     ချန်က သူမ၏ အမှာစကားတွင် “ထိုင်ဝမ်ရေလက် ကြားသည် ပဋိပက္ခများဖြစ်ပွားရာ နေရာ သို့မဟုတ် ပြင်ပအင်အားကြီးနိုင်ငံများ၏ ကစားကွင်း မဖြစ်လာစေဘဲ မိသားစုသံယောဇဉ်နှင့် ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခု ဖြစ်လာစေရန်” တိုက်တွန်းပြောဆိုခဲ့သည်။

​     သမ္မတ ရှီကျင့်ဖျင်ကလည်း ထိုင်ဝမ်နှင့် တရုတ်မှာ “မိသားစုတစ်ခုတည်း” ဖြစ်ကြောင်းနှင့် သွေးသားရင်း ချာ ဆက်နွှယ်မှုမှာ မည်သည့်အခါမျှ ဖျက်ဆီး၍မရကြောင်း ပြောကြားခဲ့သည်။ အတိုက်အခံခေါင်းဆောင် ချန်ကလည်း သူမအနေဖြင့် အာဏာရပါက အမေရိကန်ထံမှ လက်နက်ဝယ်ယူမည့် ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ကို လျှော့ချကာ “စစ်ပွဲကာကွယ်ရေး” အတွက် သံတမန်နည်းလမ်းကိုသာ ဦး စားပေးမည်ဟု အရိပ်အယောင်ပြခဲ့သည်။

​     ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ဦးဆောင်သည့် အာဏာရ DPP ပါတီကမူ ယခုခရီးစဉ်အပေါ် သံသယဖြင့် ရှုမြင်လျက်ရှိသည်။ သမ္မတလိုင်က “အာဏာရှင်အစိုးရတွေနဲ့ အလျှော့အတင်းလုပ်တာဟာ အချုပ် အခြာအာဏာကို စတေးရုံသာရှိမယ်” ဟု Facebook တွင် ရေးသားကာ ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံက ငြိမ်း ချမ်းရေးအကြောင်း ပြောဆိုနေသော်လည်း ထိုင်ဝမ်ပတ်ဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းမှာ လက်တွေ့မကျသည့် စိတ်ကူးယဉ်မှုသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

​     ၂၀၂၅ ခုနှစ်တွင် ထိုင်ဝမ်ရှိ National Chengchi တက္ကသိုလ်မှ ပြုလုပ်သော အမျိုးသားရေးဝိသေသ လက္ခဏာ စစ်တမ်းအရ ဖြေဆိုသူ ၆၂ ရာခိုင်နှုန်းက ၎င်းတို့ကိုယ်ကိုယ် “ထိုင်ဝမ်လူမျိုး” ဖြစ်သည်ဟု သတ်မှတ်ကြပြီး၊ ယင်းမှာ စစ်တမ်းစတင်ခဲ့သည့် ၁၉၉၂ ခုနှစ်က ၁၇.၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်သည်။

     ၎င်းတို့ကိုယ်ကိုယ် “ထိုင်ဝမ်လူမျိုးရော တရုတ်လူမျိုးပါ” ဖြစ်သည်ဟု သတ်မှတ်သူများမှာ အဆိုပါကာလအတွင်း ၄၆.၄ ရာခိုင်နှုန်းမှ ၃၁.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး “တရုတ်လူမျိုး” ဖြစ်သည်ဟု သတ်မှတ်သူများမှာ ၂၅.၅ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါသည်။

​​#Taiwan #China #XiJinping #ChengLiwun #KMT #DPP #Geopolitics #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN