နေပြည်တော်၊ ပါဠိဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဘဝနတ်ထံ ပျံလွန်တော်မူ

(ပြည်တွင်း) ဧပြီ ၁၀

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယက ပါဠိဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယက၊ ဥပ္ပါတသန္တိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပါဠိဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ(၇၉ နှစ်၊ ၅၉ ဝါ)မဟာထေရ်မြတ်ကြီးသည် ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက် (၉-၄-၂၀၂၆ ) (ကြာသပတေးနေ့)၊ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင် ဇေယျာသီရိမြို့နယ်၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ၉၆ ပါးသော ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို
၁၃၈၇-ခုနှစ်၊နှောင်းတန်ခူးလပြည့်ကျော်(၁၁)ရက်
(12-4-2026) တနင်္ဂနွေနေ့တွင် ပုဗ္ဗသီရမြို့နယ်
ဥပ္ပါတသန္တိစေတီတော်အနီး တပေါင်းကွင်း၌
အဂ္ဂိစျာပနကျင်းပမည်ဖြစ်ကြောင်း သိရသည်။

…………………………………………………………….

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက် ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပါဠိဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိမဟာထေရ်၏ ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်တော်မူခြင်း

ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွာရှည်ရွာ ခမည်းတော် ဦးပေါ်အေး + မယ်တော် ဒေါ်ဖွားရှင် တို့က ၁၃၀၉ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၆)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း

ဆရာတော်လောင်းလျာသည် ၁၃၁၈ ခုနှစ်၊ တပေါင်းလဆန်း(၁၂)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွာရှည်ရွာ၊ ရွာရှည်ကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသ မဟာထေရ်အား ဥပဇ္ဈာယ်ပြုလျက် ခမည်းတော်နှင့် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရှင်သာမဏေ အဖြစ်သို့ရောက်ရှိခဲ့ပြီး ၁၃၂၈ ခုနှစ်၊ တပို့တွဲလဆန်း(၉)ရက်နေ့တွင် မိတ္ထီလာမြို့၊ ဝမ်းတော်ပြည့်ကျောင်းတိုက် ခဏ္ဍသိမ်၌ သဲတောမြို့၊ ကိုးတောင်ပြည့် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရ မဟာထေရ်အား ဥပဇ္ဈာယ်ပြုတော်မူလျက် တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်နေ ရဟန်း ဒါယကာ ဦးလှဝင်း+ ရဟန်းဒါယိကာမ ဒေါ်လှဝင်းမိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း

ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွာရှည်ရွာ၊ ရွာရှည်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ ပညာဝံသ၊ မိတ္ထီလာမြို့၊ အသောကာရုံ ရေလည်ကျောင်းတိုက်၏ ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ လာဘာဝတ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၊ ဘဒ္ဒန္တနာယကာဘိဝံသ အစရှိသော မစိုးရိမ်နာယက ဆရာတော်များ၊ မစိုးရိမ်တိုက်ကြီးမှ စာချနာယကဆရာတော်များ၊ မြတောင်တိုက် ရွှေဝါဝင်းကျောင်းဆရာ တော်အစရှိသော ဆရာတော်များထံ၌ စာပေသင်ယူဆည်းပူးတော်မူခဲ့ပြီး “သာသနာ့ဓဇဓမ္မာစရိယ” ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း

ဆရာတော်သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ ဒုတိယအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ တတိယအကြိမ် မြို့နယ်သံဃနာယက အကျိုးဆောင်၊ စတုတ္ထအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပဉ္စမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဆဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အဖြစ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ တာဝန်များ၊ နေပြည်တော် ဓာတုစယဓာတ်ပေါင်းစု စေတီတော်တည်ထားရာ၌ သြဝါဒါစရိယအဖြစ်လည်းကောင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ အဖြစ်လည်းကောင်း၊ သတ္တသတ္တာဟ စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း၊ ပျဉ်းမနားမြို့၊ သမိုင်းဝင် ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်မြတ်ကြီးနှင့် ဘုရားကိုးဆူ စေတီတော်မြတ်ကြီးတို့၏ သြဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ နေပြည်တော်၊ ပျဉ်းမနားမြို့၌ ဓမ္မာစရိယ စာဖြေဌာနနှင့် နိကာယ်စာဖြေဌာနများ ဖြစ်ပေါ်လာအောင် တာဝန်ယူ ဆောင်ရွက်တော်မူခဲ့ပြီး စာမေးပွဲဆိုင်ရာကိစ္စများ၌ နိကာယ်စာမေးပွဲ၊ အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် ယဉ်ကျေးမှု စာမေးပွဲများ၏ သြဝါဒါစရိယဆရာတော်အဖြစ် သာသနာရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း

ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသန ဓုရာဝဟဂုဏ်၊ ပရိယတ္တိဆေကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ရတ္တညူ မဟာနာယကဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၁၄ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ ၂၀၁၈ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၇၉)နှစ်၊ သိက္ခာတော် (၅၉)ဝါအရ ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက် (၉-၄-၂ဝ၂၆) ကြာသပတေးနေ့၊ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။