အီရန်က ရေလက်ကြားကို ထပ်မံပိတ်ဆို့ပြီး အမေရိကန်တပ်များ ဆက်လက်ရှိနေမည်ဟု ထရန့် သတိပေးလိုက်ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး ခြိမ်း ခြောက်ခံနေရ

(နိုင်ငံတကာ) ဧပြီ ၉

     အမေရိကန်နှင့် အီရန်တို့အကြား ရရှိထားသည့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ စတင်ပြီး နာရီပိုင်းအတွင်းမှာပင် ပြိုလဲလုနီးပါး အခြေ အနေသို့ ရောက်ရှိနေသည်။ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာများအပေါ် အစ္စရေး၏ ပြင်းထန်သော တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ဟော်မုဇ်ရေလက် ကြားကို ထပ်မံပိတ်ဆို့လိုက်ပြီး၊ သမ္မတ ထရန့်ကလည်း အမေရိကန်တပ်များကို အသင့်အနေအထား ဆက်လက်ချထားမည်ဟု တုံ့ပြန်လိုက်ခြင်းကြောင့် ဖြစ်သည်။

​     သမ္မတ ဒေါ်နယ်ထရန့်သည် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် “အစစ်အမှန်” အပစ်ရပ်သဘောတူညီချက်ကို အီရန် ဘက်က အပြည့်အဝ မလိုက်နာမချင်း ဒေသတွင်းရှိ အမေရိကန် စစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင်များမှာ ရုပ်သိမ်းမည်မဟုတ်ဘဲ ဆက်လက်ရှိနေမည်ဟု ကြေညာခဲ့သည်။

     “အကယ်၍ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် လိုက်နာခြင်းမရှိရင် ‘စတင်ပစ်ခတ်မှုတွေ’ ကို ဘယ်သူမှ မမြင်ဖူးသေးတဲ့ ပိုမိုကြီးမား၊ ပိုမိုကောင်းမွန်ပြီး ပိုမိုအင်အားတောင့်တင်းတဲ့ ပုံစံနဲ့ လုပ်ဆောင်သွားမှာပါ” ဟု ထရန့်က သတိပေးခဲ့သည်။ ၎င်းက အီရန်အနေဖြင့် နျူကလီးယားလက်နက် တည်ဆောက်ခွင့်ရမည်မဟုတ်ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကိုလည်း အင်အားသုံး၍ ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း အရိပ်အယောင်ပြခဲ့သည်။

​     အီရန်အစိုးရကမူ အစ္စရေး၏ လက်ဘနွန်အပေါ် ကျူးကျော်မှုများသည် အပစ်ရပ်သဘောတူညီချက်ပါ အချက်အလက်များကို ချိုးဖောက်နေခြင်း ဖြစ် ကြောင်း စွပ်စွဲကာ ဟော်မုဇ်ရေလက်ကြားကို ဗုဒ္ဓဟူးနေ့တွင် ထပ်မံပိတ်ဆို့လိုက်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက လက်ဘနွန်စစ်ပွဲရပ်တန့်ရေးမှာ အချက် ၁၀ ချက်ပါ အပစ်ရပ်အစီ အစဉ်တွင် ပါဝင်သည်ဟု ဆိုသော်လည်း အစ္စရေးနှင့် အမေရိကန်တို့က ယင်းကို ငြင်းဆိုထားသည်။

     အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ကလည်း ဝါရှင်တန်သည် သဘောတူညီချက်ပါ အခြေအနေ ၃ ချက်ကို ချိုးဖောက်ခဲ့သဖြင့် ဆက်လက်ဆွေးနွေးရန်မှာ “အကြောင်းပြချက်မရှိ” တော့ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

​      အပစ်အခတ်ရပ်စဲရေး သတင်းများထွက်ပေါ်နေသော်လည်း လက်ဘနွန်တွင်မူ အစ္စရေး၏ အကြီးမားဆုံးသော လေကြောင်းစစ်ဆင်ရေးကြောင့် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းမှာပင် လူပေါင်း ၂၀၃ ဦး သေဆုံးခဲ့ရသည်။ အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာပစ်မှတ် ၁၀၀ ကျော်ကို ၁၀ မိနစ်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ဆိုသော်လည်း၊ လက်ဘနွန်အာဏာပိုင်များနှင့် ဒေသခံများကမူ ယင်းမှာ လူနေရပ်ကွက်များကို တိုက်ခိုက်သည့် “ရာဇဝတ်မှု” သာဖြစ်ကြောင်း ငြင်းဆိုကြသည်။

     လက်ဘနွန်ဝန်ကြီးချုပ် နာဝပ်ဖ် ဆာလမ်က အစ္စရေးသည် နိုင်ငံတကာဥပဒေများကို လုံးဝဂရုမစိုက်ဘဲ အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်နေကြောင်း ရှုတ်ချခဲ့သည်။ စစ်ပွဲစတင်ခဲ့သည့် ငါးပတ်ကျော်အတွင်း လက်ဘနွန်တွင် သေဆုံးသူ ၁,၇၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၅,၈၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်သည်။

​     လက်ရှိတွင် အမေရိကန်-အီရန် အပစ်ရပ်စဲရေးမှာ စာရွက်ပေါ်တွင်သာ ရှိနေပြီး မြေပြင်တွင်မူ တင်းမာမှုများမှာ တစ်ကျော့ပြန် မြင့်တက်လာနေသည်။ အီရန် ၏ ရေလက်ကြားပိတ်ဆို့မှုနှင့် ထရန့်၏ စစ်ရေးသတိ ပေးချက်များကြောင့် ဒေသတွင်းစစ်ပွဲမှာ ပိုမိုကြီး မားသော အဆင့်သို့ ကူးပြောင်းသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။

​#IranCeasefire #Trump #Lebanon #Israel #StraitOfHormuz #MiddleEastWar #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN