မန္တလေးလွှတ်တော်အစည်းအ‌ဝေးကျင်းပ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမျိုးအောင် ခန့်အပ်၊ ဝန်ကြီးဌာန (၈) ခု သတ်မှတ်၊ လွှတ်တော်ကော်မတီအချို့ဖွဲ့စည်း

(ပြည်တွင်း) ဧပြီ ၆

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ်ရေးနှင့် ဝန်ကြီးဌာနဖွဲ့စည်းရေးအပါအဝင် လွှတ်တော်ရေးရာကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်သည့်ကိစ္စများ အတည်ပြုခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည် နှင့် ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များအပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း (၇၂) ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတမှ အဆိုပြုထားသည့် အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးမျိုးအောင် ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်၏ သဘောတူညီချက်ရယူခဲ့ရာ လွှတ်တော်မှအတည်ပြုခဲ့ကြောင်း ကြေညာခဲ့သည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ဝန်ကြီးဌာန (၈) ခုနှင့် ဝန်ကြီးဦးရေ (၈) ဦး သတ်မှတ်ခြင်းကိုလည်း လွှတ်တော်မှ သဘောတူညီခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးတရားလွှတ်တော်အတွက် တရားသူကြီး (၇) ဦး ခန့်အပ်နိုင်ရေးကိုလည်း အတည်ပြုခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် လွှတ်တော်ကော်မတီများဖြစ်သည့် စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ၊ ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီတို့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးဆွေသန်း(ပုသိမ် ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊အဖွဲ့ဝင်များအဖြစ် ဦးစိုးစိုးထွန်း (ကျောက်ဆည်မြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊ဒေါ်သီသီကျော် (ကျောက်ဆည်မြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊ဦးစိန်တိုး(ညောင်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊ဦးကိုကိုထွေး(ချမ်းအေးသာစံမြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊ဗိုလ်မှုး ကျော်ကိုဦး(တပ်မတော်သားလွှတ်‌တော်ကိုယ်စားလှယ်)၊အတွင်းရေးမှုးအဖြစ် ဦးပါပါလွင်(မိုးကုတ်မြို့နယ်မဲဆန္ဒနယ်အမှတ်-၂)တို့၏ အမည်စာရင်းကိုလွှတ်တော်သို့ တင်ပြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီ၏ တာဝန်၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်၊သက်တမ်းတို့နှင့်စပ်လျဉ်း ၍ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦး‌ကျော်မြင့်က ရှင်း လင်းပြောကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်ခန့်အပ်ရေး၊ ဝန်ကြီးဌာနနှင့် ဝန်ကြီးဦးရေ သတ်မှတ်ရေး၊ တရားသူကြီးဦးရေ သတ်မှတ်ရေးတို့အပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ အားလုံးကို သဘောတူညီခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ အစည်းအဝေး (ပဉ္စမနေ့) ကို ယနေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

#PAN