(ပြည်တွင်း) ဧပြီ ၆
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီးလွှတ်တော်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်ခန့်အပ်ရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဖွဲ့စည်းရေးဆိုင်ရာများကို အတည်ပြုခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ရွေးကောက်ခံ ကိုယ်စားလှယ် (၆၄) ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၁) ဦး စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်ခွင့်ရှိသူအားလုံး တက်ရောက်ခြင်းဖြင့် ၁၀၀ ရာခိုင်နှုန်းပြည့်အတွက် လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်မှ ကြေညာခဲ့သည်။

ထို့နောက် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံထားရသူမှ ပေးပို့လာသော စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဝန်ကြီးဌာနအရေအတွက်နှင့် ဝန်ကြီးဦးရေ၊ တိုင်းဒေသကြီးတရားလွှတ်တော်အတွက် တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးဆိုင်ရာ အဆိုပြုချက်ကို လွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွှေဘိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးကိုလေး ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ရေးအတွက် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံထားရသူမှ အဆိုပြုထားမှုနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခဲ့ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

အစည်းအဝေးကို နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မိနစ် ၃၀ ခန့် ခေတ္တရပ်နားခဲ့ပြီး နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ပြန်လည်စတင်ကျင်းပခဲ့ရာ တိုင်းေဒသကြီး ဝန်ကြီးချုပ်ခန့်အပ်ရေးအတွက် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံထားရသူမ၏ အဆိုပြုချက်ကို လွှတ်တော်မှ သဘောတူညီခဲ့ပြီး အတည်ပြုကြောင်း ကြေညာခဲ့သည်။

ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌမှ စတုတ္ထနေ့အစည်းအဝေးကို ရပ်နားကြောင်း ကြေညာခဲ့ပြီး ပဉ္စမနေ့အစည်းအဝေးကို ဧပြီ ၇ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။