မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပ ပြည်နယ်ဝန်ကြီးချုပ်အမည်တင်သွင်းနှင့် ဝန်ကြီးဌာန (၇) ခု သတ်မှတ်


(ပြည်တွင်း) ဧပြီ


တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကိုမွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမတွင် ယနေ့ ဧပြီလ ၆ ရက်နေ့ မနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


ယနေ့ကျင်းပသည့်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦးသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်း အစည်းအဝေးစတင်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးမှကြေညာခဲ့သည်။


ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ထားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်၏အမည်စာရင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ နှင့် သက်ဆိုင်ရာ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ လွှတ်တော်သို့ တင်ပြခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူညီချက်ရယူခဲ့ရာ သဘောမတူသူမရှိသဖြင့် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၂ အရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်၀င်းသန်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်မှ သဘောတူ ကြောင်း ကြေညာခဲ့သည်။


ထို့အပြင် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၆ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တို့အရ မွန်ပြည်နယ်ဝန်ကြီးဌာနအရေအတွက် ( ၇)ခုကိုလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၂)တို့အရ မွန်ပြည်နယ်ဝန်ကြီးဦးရေ (၇)ဦး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁)၊ (၂)တို့အရ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်အပါအဝင် တရားသူကြီးဦးရေ(၄)ဦးကို လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့သည်။


မွန်ပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးဌာန (၇) ခု ဖွဲ့စည်းသတ်မှတ်ခြင်းကိုလည်း မွန်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည့် ဝန်ကြီးဌာနများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနတို့ဖြစ်ကြောင်း သိရသည်။


ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို မနက် ၁၀နာရီခွဲအချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

#PAN