
(နိုင်ငံတကာ) ဧပြီ ၄
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းနိုင်ငံ အရှေ့ မြောက်ပိုင်းဒေသများသို့ ရုရှားတပ်ဖွဲ့များက ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး အရပ်သားလေးဦး သေဆုံးပြီး ၁၁ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုထုတ်ပြန်လိုက်သည်။
ခါကိဗ် (Kharkiv) ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အိုလက် ဆိုင်နီဟူဘော့ဗ် (Oleh Syniehubov) ၏ ပြောကြားချက်အရ ရုရှား၏ တိုက်ခိုက်မှုများသည် ခါကိဗ်မြို့ကြီးအပါအဝင် အနီးနားရှိ မြို့ရွာ ၁၁ ရွာထက်မနည်းကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများ ရှိခဲ့ပြီး ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံများသို့ ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။
ဆူမီ (Sumy) ဒေသတွင်လည်း ညတွင်းချင်း ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ရုရှား၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်းသည် ၁၆ ထပ်မြင့် လူနေတိုက်ခန်းအဆောက်အအုံကို တိုက်ရိုက်ထိမှန်ခဲ့သည်။ ထို့ပြင် ပုဂ္ဂလိကပိုင် လူနေအိမ်ခြေအချို့လည်း ထိမှန်ခဲ့သဖြင့် ပြင်းထန်သော မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ “မီးလောင်နေတဲ့ အထပ်မြင့်တိုက်ခန်းက ဒေသခံတွေကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်မီ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ယူကရိန်းနိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှုဌာနက ဆိုသည်။
ယူကရိန်းလေတပ်၏ ထုတ်ပြန်ချက်အရ ရုရှားသည် ညတွင်းချင်းတိုက်ခိုက်မှုတွင် နိုင်ငံတစ်ဝှမ်းလုံးရှိ အရပ်မျက်နှာအသီးသီးသို့ ဒရုန်းစုစုပေါင်း ၂၈၆ စင်းအထိ အသုံးပြု၍ အလုံးအရင်းနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်း ၂၆၀ စင်းအထိကို ကြားဖြတ်ပစ်ချနိုင်ခဲ့သဖြင့် ထိခိုက်မှုအချို့ကို လျှော့ချနိုင်ခဲ့သည်။ ကျန်ရှိသော ဒရုန်းအချို့နှင့် ပစ်ချခံရသော ဒရုန်းအကြွင်းအကျန်များမှာ နေရာ ၁၀ ခုထက်မနည်းသို့ ကျရောက်ထိမှန်ခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံတောင်ပိုင်း ရော့စတော့ဗ် (Rostov) ဒေသတွင် ညတွင်းချင်း ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံခဲ့ရသဖြင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ လေးဦးအနက် သုံးဦးမှာ ရုရှားနိုင်ငံသားများဖြစ်ပြီး တစ်ဦးမှာ နိုင်ငံခြားသားဖြစ်ကာ ၎င်းတို့အားလုံးမှာ “စိုးရိမ်ရသည့်အခြေအနေ” (Critical condition) တွင် ရှိနေကြောင်း သိရသည်။ ထို့ပြင် ဒုံးကျည်တစ်စင်းသည် “စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံ” (Commercial facility) တစ်ခုကို ထိမှန်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ အဘူဒါဘီမြို့နှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တို့တွင် အဆင့်မြင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သော် လည်း ထူးခြားမှု မရှိခဲ့ပေ။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelenskyy) က အီစတာ (Easter) ပွဲတော်ကာလအတွင်း အပစ်အခတ်ရပ်စဲရန် အဆိုပြုခဲ့သော် လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းအဆိုပြုချက်ကို “ဝါဒဖြန့်မှု (PR stunt)” သာဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့သည်။
ငြိမ်းချမ်းရေးအတွက် အဖိုးအခအဖြစ် ရုရှားက ၎င်းတို့ လေးနှစ်ကြာ စစ်ပွဲအတွင်း အလုံးစုံ သိမ်းပိုက်နိုင်ခြင်းမရှိသေးသည့် ဒွန်ဘတ်စ် (Donbas) ဒေသ၏ ၅ ပုံ ၁ ပုံခန့်ရှိသော နယ်မြေများကို ပေးအပ်ရန် တောင်းဆိုနေသည်။ သမ္မတ ဇလန်းစကီးကမူ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် အဆိုပါ နယ်မြေပေးအပ်ရေး အလားအလာကို လက်ခံရန် ငြင်းဆန်ထားသည်။
#UkraineRussiaWar #KharkivAttack #SumyDroneStrike #AirDefense #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN