(ပြည်တွင်း) ဧပြီ ၄
ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားခဲ့ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် တောင်နံ့သာကျေးရွာအုပ်စု မြစ်နားကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်၌ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားတွင် အောင်လံမြို့နယ်( အမှတ် ၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းလွင်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် VDP စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြသော ကျေးရွာရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် တရင်းတနှီး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုချက်များကိုလည်း လက်ခံနားထောင်ခဲ့ကြသည်ဟု သိရသည်။ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)သည် သမ္မတ ဦးသိန်းစိန်လက်ထက်၂၀၁၄ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့သည့် ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်(RDSF)နှင့်အညီ ရေးဆွဲခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ဘက်စုံစွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ၂၀၁၅ ခုနှစ်မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယနေ့အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်ကျေးလက်ဦးစီးမှူးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးစန်းလွင်၊ ဦးအေးနိုင်၊ ဦးမြင့်ရွှေ နှင့် ဦးသိန်းတိုးတို့ တက်ရောက်ခဲ့ကြသည်။


#PAN