အမေရိကန်ရှေ့နေချုပ် ပမ် ဘွန်ဒီ ကို သမ္မတ ထရန့် ရာထူးမှ ထုတ်ပယ်ပြီး ဒုတိယရှေ့နေချုပ် တော့ဒ် ဘလန့်ရှ် က ယာယီရှေ့နေချုပ်ဖြစ်လာ

(နိုင်ငံတကာ) ဧပြီ ၃

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ အစိုးရအဖွဲ့အတွင်း တစ်လမပြည့်မီ ဒုတိယအကြိမ်မြောက် အဓိကဝန်ကြီးအဆင့် အပြောင်းအလဲအဖြစ် အမေရိကန်ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

​     သမ္မတ ထရန့်သည် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ယခုဆုံးဖြတ်ချက်ကို အတည် ပြုခဲ့ခြင်းဖြစ်သည်။ သတင်းရင်းမြစ်အချို့၏ အဆိုအရ နာမည်ကျော် ငွေကြေးဓနရှင်နှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုဖိုင်များကို ကိုင်တွယ်ရာတွင် ဘွန်ဒီ၏ ဆောင်ရွက်ချက်များအပေါ် ထရန့်က စိတ်ပျက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရုတ်တရက် ဖယ်ရှားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

​     ပမ် ဘွန်ဒီ၏ နေရာတွင် ဒုတိယရှေ့နေချုပ်ဖြစ်သူ တော့ဒ် ဘလန့်ရှ် (Todd Blanche) က ယာယီရှေ့ နေချုပ်အဖြစ် အစားထိုး တာဝန်ယူသွားမည်ဖြစ်သည်။ ဘွန်ဒီက ၎င်းအနေဖြင့် ရှေ့လာမည့် တစ်လအတွင်း လုပ်ငန်းတာဝန်များကို ဘလန့်ရှ်ထံသို့ စနစ်တကျ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး၊ ၎င်းကိုယ်တိုင်မှာမူ ပုဂ္ဂလိကကဏ္ဍရှိ အရေးပါသော ရာထူးတစ်ခုသို့ ကူး ပြောင်းကာ သမ္မတ ထရန့်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ပမ် ဘွန်ဒီသည် သမ္မတ ထရန့်၏ နိုင်ငံရေးအတိုက် အခံများဖြစ်သည့် အထက်လွှတ်တော်အမတ် အဒမ် ရှစ်ဖ်၊ နယူးယောက်ရှေ့နေချုပ် လက်တီရှာ ဂျိမ်းစ် တို့ကို တရားစွဲဆိုရန် ကြိုးပမ်းခဲ့မှုများကြောင့် အမေရိကန်တရားရေးဝန်ကြီးဌာန (DOJ) ကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုနေသည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ သို့သော်လည်း ထရန့်ကမူ ဘွန်ဒီအား “မျိုးချစ်စိတ်ရှိသော အမေရိကန်နိုင်ငံသားနှင့် သစ္စာရှိသော မိတ်ဆွေ” ဟု ချီးကျူးစကား ဆိုခဲ့သည်။

​     ယခု ရှေ့နေချုပ်ကို ထုတ်ပယ်မှုသည် ပြည်တွင်းလုံ ခြုံရေးဝန်ကြီး (DHS) ခရစ္စတီ နုမ်း ကို ရာထူးမှ ဖယ် ရှားခဲ့ပြီးနောက် မကြာမီမှာပင် ထွက်ပေါ်လာခြင်းဖြစ် သည်။ ဤဖြစ်စဉ်များသည် သမ္မတ ထရန့်အနေဖြင့် ၎င်း၏ ဒုတိယသက်တမ်းအတွင်း အစိုးရအဖွဲ့ကို စိတ်ကြိုက် ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပြသနေသည်။

     လက်ရှိ အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EPA) အကြီးအကဲ လီ ဇဲလ်ဒင် (Lee Zeldin)ကို တရားရေးဝန်ကြီးဌာန (DOJ) ၏ အကြီး အကဲအဖြစ် ခန့်အပ်ရန် ထရန့်က စဉ်းစားနေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြနေကြသည်။ သို့သော် လည်း ထရန့်ဘက်ကမူ ဤအစီအစဉ်ကို အတည်မပြုသေးပေ။ မည်သည့် အမည်စာရင်းတင်သွင်းမှုကိုမဆို အထက်လွှတ်တော် (Senate) ၏ အတည်ပြုချက် ရယူရန် လိုအပ်မည်ဖြစ်သည်။

​#PamBondi #ToddBlanche #TrumpCabinet #USPolitics #JusticeDepartment #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN