အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားစဉ် အီရန်ကို “ကျောက်ခေတ်ရောက်အောင် ဗုံးကြဲပစ်မည်” ဟု ထုတ်ဖော်ပြောကြား

(နိုင်ငံတကာ) ဧပြီ ၂

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့ညက အိမ်ဖြူတော်မှနေ၍ နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားရာတွင် အီရန်နိုင်ငံအား ရှေ့လာမည့် ရက်သတ္တ ပတ်များအတွင်း အပြင်းထန်ဆုံး စစ်ရေးအရှိန်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး “ကျောက်ခေတ်ရောက်အောင် ဗုံးကြဲပစ်မည်” ဟု ပြင်းထန်စွာ ရာဇသံပေးလိုက်သည်။

​     မိနစ် ၂၀ ခန့် ကြာမြင့်သည့် ၎င်း၏ မိန့်ခွန်းအတွင်း သမ္မတ ထရန့်က “လာမယ့် ၂ ပတ်ကနေ ၃ ပတ်အတွင်းမှာ အီရန်ကို ကျွန်တော်တို့ အပြင်းထန်ဆုံး ထိုးနှက်သွားမှာပါ။ သူတို့နဲ့ ထိုက်တန်တဲ့ ကျောက်ခေတ်ကို ပြန်ရောက်သွားအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဤပြောကြားချက်သည် အီရန်၏ အခြေခံအဆောက် အအုံအားလုံးကို မြေလှန်စနစ်ဖြင့် ဗုံးကြဲတိုက်ခိုက်တော့မည့်(Carpet Bombing)သဘောကို သက်ရောက်နေသည်။

​     သမ္မတ၏ မိန့်ခွန်းအပြီး မိနစ်ပိုင်းအကြာတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) ကလည်း ၎င်း၏ X (Twitter) လူမှုကွန်ရက်တွင် “Back to the Stone Age” (ကျောက်ခေတ်သို့ ပြန်သွားစေရမည်) ဟု တိုတိုတုတ်တုတ် ရေးသားကာ သမ္မတ၏ စစ်ရေးဗျူဟာကို အပြည့်အဝ ထောက်ခံကြောင်း ပြသခဲ့သည်။

​    ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ခဲ့သည့် ဤစစ်ပွဲအတွင်း လက်ရှိအချိန်အထိ အီရန်နိုင်ငံသား ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်ရှိ ဆေးရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ဆေး ဝါးစက်ရုံများအပါအဝင် အရပ်ဘက်အဆောက်အအုံ ထောင် ပေါင်းများစွာ ထိခိုက်ပျက်စီးနေရမှုကို နိုင်ငံ တကာက စိုးရိမ်လျက်ရှိသည်။

​     အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ ဂျနီနာ ဒေးလ် (Janina Dill) က ထရန့်၏ ခြိမ်းခြောက်မှုသည် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းဖြစ်၍ နိုင်ငံတကာစစ်ဥပဒေအရ တရားမဝင်ကြောင်း ဝေဖန်ခဲ့သည်။

     တစ်ဖက်တွင်လည်း အီရန်သမ္မတ ပီဇက်ရှ်ကီယန်က အမေရိကန်ပြည်သူများထံ တိုက်ရိုက်စာပေးပို့ကာ အီရန်နိုင်ငံနှင့် အီရန်ပြည်သူများသည် အမေရိကန်ပြည်သူ များအပေါ် မည်သည့် ရန်ငြိုးအတေးမှ မရှိကြောင်း၊ လက်ရှိ အီရန်၏ စစ်ရေးလှုပ်ရှားမှုများသည် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်မှုကို မိမိကိုယ်ကို ခုခံကာကွယ်ခြင်း (Self-defence) သာဖြစ်ပြီး စစ်ပွဲကို စတင်လိုစိတ်မရှိကြောင်း ပြောကြားခဲ့သည်။

      အီရန်သမ္မတက “အီရန်ဟာ အမေရိကန်နိုင်ငံ မတည်ထောင်မီ နှစ်ပေါင်း ထောင်ချီကတည်းက ယဉ် ကျေးမှု ထွန်းကားခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ကျောက်ခေတ်ကို ပို့မယ်ဆိုတဲ့ စကားဟာ သမိုင်းကို နားမလည်တဲ့သူရဲ့ စကားသာ ဖြစ်ပါတယ်” ဟု ဆို သည်။ အမေရိကန်၏ ဗုံးကြဲမှုများကြောင့် အီရန်ဆေးရုံများ၊ ကျောင်းများနှင့် စက်ရုံများ ပျက်စီးနေရမှုကို အမေရိကန်ပြည်သူများအနေဖြင့် ဝိုင်းဝန်းကန့် ကွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

​#IranPresident #MasoudPezeshkian #LetterToAmericans #DiplomaticStrategy #MiddleEastWar #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN