(ပြည်တွင်း)ဧပြီ-၃
မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် မြန်မာ့မီးရထားက ပုံမှန်ရထားများအပြင် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များမှာ ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် လမ်းပိုင်းများ ဖြစ်သည်။ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် အဆန်/အစုန် အထူး DEMU (စပိန်) ရထားများ ပြေးဆွဲမည်ဖြစ်သည်။
အဆန်ရထားသည်ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာပြီး နေပြည်တော်သို့ မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ အစုန်ရထားသည် နေပြည်တော်မှ မွန်းလွဲ ၁၂ နာရီခွဲတွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ပြေးဆွဲမည့်ရက်များမှာ ဧပြီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ နှင့် ၂၀ ရက်တို့ဖြစ်သည်။ရန်ကုန်-ပြည်လမ်းပိုင်းတွင် အဆန်/အစုန် အထူးလေအိတ်ရထားများ ပြေးဆွဲမည်ဖြစ်သည်။ အဆန်ရထားသည် ရန်ကုန်မှ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာပြီး ပြည်မြို့သို့ ည ၈ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ အစုန်ရထားသည် ပြည်မြို့မှ ည ၁၀ နာရီခွဲတွင် ထွက်ခွာပြီး ရန်ကုန်သို့ နံနက် ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ပြေးဆွဲမည့်ရက်များမှာဧပြီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ နှင့် ၂၀ ရက်တို့ဖြစ်သည်။ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင်အဆန်အထူးလေအိတ်ရထားသည် ရန်ကုန်မှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ဧပြီလ ၁၀၊ ၁၁၊ ၁၂၊ ၁၉ နှင့် ၂၀ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်သည်။ အစုန်အထူးလေအိတ်ရထားသည် မော်လမြိုင်မှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ ဧပြီလ ၁၁၊ ၁၂၊ ၁၉၊ ၂၀ နှင့် ၂၁ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်သည်။အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ရထားများအတိုင်းဖြစ်သည်။ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်လမ်းပိုင်းများတွင် အထက်တန်းလက်မှတ်ကို ၃ ရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်ကို ၁ ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်သည်။
ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းရှိပုံမှန်ရထားများနှင့် အထူးရထားများအတွက်မူ ORTP (Online Railway Ticketing and Payment System) စနစ်ဖြင့် အွန်လိုင်းမှ ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ ခရီးစဉ်အစအဆုံးဘူတာများအတွက် ၇ ရက်ကြို၍လည်းကောင်း၊ ကြားဘူတာများအတွက် ၃ ရက်ကြို၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။ရထားတွဲဖွဲ့စည်းမှုများကိုရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးလေအိတ်ရထားများတွင် အထက်တန်း ၆ တွဲ၊ ရိုးရိုးတန်း ၈ တွဲနှင့် ဘရိတ်တွဲ ၁ တွဲဖြင့် ဝန်ချိန်ပြည့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။သင်္ကြန်ကာလတွင် ခေတ္တရပ်နားမည့် ရထားများကိုသင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်အထိ ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးအမြန်ရထားအချို့နှင့် မြို့ပတ်ရထားများကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။