မွန်ပြည်နယ်လွှတ်တော်တွင် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းရေး ဆွေးနွေးဆုံးဖြတ်

 (ပြည်တွင်း) ဧပြီ ၃

ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစီအစဉ်တွေအရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးမှ အစည်းအဝေး အထမြောက်ကြောင်း ကြေညာကာ စတင်ခဲ့ပြီး မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားမှုများကို လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့သည်။

ယနေ့အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းတို့ကို လွှတ်တော်သို့ တင်ပြခဲ့ကြသည်။

ထို့အပြင် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးအောင်ထွဋ်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းသတ်မှတ်ခြင်းတို့နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးခွင့်ရရှိခဲ့ပြီး နောက်ဆုံးတွင် ကော်မတီဖွဲ့စည်းရေးဆိုင်ရာ အချက်အလက်များကို လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့ကြသည်။ ထို့နောက် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)  ရပ်နားကြောင်း ကြေညာခဲ့ပြီး ပဉ္စမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကိုကြေညာခဲ့သည်။