တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပ

(ပြည်တွင်း) ဧပြီ ၃

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့)ကို ဧပြီလ ၃ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး တတိယနေ့အစီအစဉ်တွေအရ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး က တိုင်းဒေသကြီးလွှတ်တော်သို့ တက် ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦး၊ တက်ရောက်ခဲ့ပြီး ရာနှုန်းပြည့်တက်ရောက်လာသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးက ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးမြစိုး၊ နတ်တလင်းမြို့နယ်ကိုယ်စားလှယ် အမှတ်(၁)နှင့် အတွင်းရေးမှူးအဖြစ် ဦးအောင်ညီညီစိုး၊ ကဝမြို့နယ်ကိုယ်စားလှယ် အမှတ်(၂) ပါ (၉)ဦး တို့၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော် သို့ ဖတ်ကြားတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ က

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း နှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာပွင့်ဆန်း၊ ဒိုက်ဦးမြို့နယ်ကိုယ်စားလှယ် အမှတ်(၁)နှင့် အတွင်းရေးမှူးအဖြစ် ဦးရဲထွဋ်၊ သာယာဝတီမြို့နယ်ကိုယ်စားလှယ် အမှတ်(၁)တို့ပါ (၉)ဦးတို့၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

     ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး (စတုတ္ထနေ့)ကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

#PAN