(မှုခင်း) ဧပြီ ၃
အမှတ်(၁၄၂) အစုန်(တောင်ကြီး-သာစည်)စာပို့ရထားသည် ရွှေညောင်ဘူတာသို့ မတ် ၃၀ ရက်နံနက် ၈ နာရီတွင် ရောက်ရှိစဉ် အမှတ်(၂၅) မူးယစ်တပ်ဖွဲ့စုမှတာဝန်ရှိသူများက ရှာဖွေမှုများပြုလုပ်ခဲ့ရာ ရထားထိန်းလိုက်ပါလာသည့် ရထားထိန်းတွဲ အခန်းတွင်တောင်ကြီးဘူတာမှ တင်ဆောင်လာသော တန်ဆာမဲ့သော့ခတ်ထားသည့် အစိမ်းရောင် ခရီးဆောင်အိတ်များကို စစ်ဆေးတွေ့ရှိခဲ့ပြီး ရထားကြန့်ကြာမှုမရှိစေရေးအတွက် အောင်ပန်းဘူတာ ရောက်ရှိချိန်မှ ရထားထိန်းအခန်းအား စစ်ဆေးရာတွင် မသင်္ကာဖွယ်အစိမ်းရောင်အိတ်များ မတွေ့ရှိရသဖြင့်တာဝန်ကျရထားထိန်း နေလင်းအောင်အား မေးမြန်းခဲ့ရာ ၎င်းအိတ်များကို ရွှေညောင်-ဟဲဟိုး ဘူတာအကြား၊ ဘဝသံသရာကားလမ်းကူးဂိတ်အနီးတွင် ပစ်ချထားခဲ့ကြောင်း ဖြေကြားသည်။

အဆိုပါ အိတ်များပစ်ချခဲ့သည့်နေရာ ရွှေညောင်-ဟဲဟိုးဘူတာအကြား၊ မိုင်တိုင် ၃၆၈/၁၅-၁၆ တွင် အမှတ်(၂၅)မူးယစ်တပ်ဖွဲ့စုတို့မှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားတာဝန်သူတို့သည် ရထားထိန်းနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ခရီးဆောင်အိတ် (၄)အိတ်နှင့် သံသေတ္တာ(၁)လုံးတို့အား တွေ့ရှိခဲ့ပြီး ဖွင့်ဖောက်စစ်ဆေးခဲ့ရာစိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် (၁၂)သိန်း(၁)သောင်း (အလေးချိန် ၁၂၁ ကီလို)အား တွေ့ရှိခဲ့သဖြင့် တာဝန်ကျ ရထားထိန်း နေလင်းအောင်အား သက်သေများရှေ့တွင် စစ်ဆေးမေးမြန်းခဲ့ရာအဆိုပါမူးယစ်ဆေးဝါးများအား နံနက် ၅ နာရီတွင် ယာဉ်အမှတ်၊ SHN-18,CC-8108 NISSAN ADVAN အမျိုးအစား ခဲရောင်မော်တော်ယာဉ်ဖြင့် ယာဉ်မောင်း မိုးညွန့်လွင် မောင်းနှင်လာသောယာဉ်ပေါ်တွင် တရားခံ ဇေယျသူ(ခ)ဟန်ဖနှင့် ခွန်ကျော်ထွန်းတို့နှင့်အတူ တင်ဆောင်လာပြီးတောင်ကြီးဘူတာရှိ အမှတ် (၁၄၂)အစုန်စာပို့ရထားဖြင့် တောင်ကြီးမှသာစည်သို့ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ စစ်ဆေးတွေ့ရှိမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိခဲ့သည့် တရားခံ(၄)ဦးအားအမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ့မီးရထားမှ ဝန်ထမ်းများဖြစ်သော တရားခံဇေယျသူ (ခ)ဟန်ဖ၊ အလုပ်ကြပ်(ဒီဇယ်စက်ခေါင်းစက်ရုံ/အင်းစိန်)သည် ခွင့်ပြုချက်တောင်းခံမှုမရှိဘဲ ခရီးထွက်သွားသဖြင့် မတ် ၂၇ ရက်မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းထားသည့် ဝန်ထမ်းဖြစ်ကြောင်း၊ တရားခံ နေလင်းအောင်၊ ရထားထိန်းအား မတ် ၃၀ ရက်မှစ၍ တာဝန်မှရပ်ဆိုင်းပြီး အဆိုပါ ဝန်ထမ်း(၂)ဦးအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အပြစ်ပေးအရေးနိုင်ရေးနှင့် တရားခံများအား ဟဲဟိုးနယ်မြေရဲစခန်းတွင် မယ(ပ)၃/၂၀၂၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၂၁ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ထို့အတူ အမှတ်(၁၂)အစုန်(မန္တလေး-ရန်ကုန်) အမြန်ရထားသည် ဧပြီ ၁ ရက် နံနက် ၈ နာရီခွဲတွင် သာစည်ဘူတာမှ ဆက်လက်ထွက်ခွာစဉ် အဆိုပါတွဲဆိုင်း တွဲအမှတ်(၈)ပေါ်သို့ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၁)ဦးတို့ ပြေးတက်သွားသည်ကို ရုံပိုင်ချုပ်(သာစည်)က တွေ့မြင်ခဲ့သောကြောင့်သာစည်ဘူတာယာဒ်ဝင်းလုံခြုံရေးဆောင်ရွက်နေသော ရဲအုပ်ရဲမျိုးလင်းနှင့် အမှတ်(၁၂) အစုန်အမြန်ရထား၏ လက်မှတ်စစ်တို့အား အကြောင်းကြားခဲ့သည်။
အဆိုပါ စစ်ဆေးရန်အတွက် ရဲအုပ်ရဲမျိုးလင်းက အမှတ်(၁၂)အစုန်အမြန်ရထား ရထားလိုက်တာဝန်ကျလုံခြုံရေးထံ ရဲလုပ်ထုံးလုပ်နည်းအရ စစ်ဆေးရန် အကြောင်းကြားခဲ့ရာ နွားထိုး-ညောင်ရမ်း ဘူတာအကြားသို့အရောက် ရထားလိုက် လုံခြုံရေးရထားရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ကျလက်မှတ်စစ်တို့က လိုက်လံစစ်ဆေးခဲ့ရာ ရိုးရိုးတန်းတွဲ(၁၂)တွင် ၎င်းတို့(၆)ဦးအား တွေ့ရှိခဲ့ပြီးလက်မှတ်မဲ့ စီးနင်းလာပြီး ၎င်းတို့၏ ခရီးဆောင်အိတ်များအား မသင်္ကာသဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အိတ်များအတွင်း၌ စိတ်ကြွဆေးပြားထုပ်များ ပါရှိလာကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်။
အဆိုပါအိတ်များအတွင်းမှ ပစ္စည်းများအား အသေးစိတ်စစ်ဆေးရှာဖွေခဲ့ရာ ရောင်စုံခရီးဆောင်အိတ် (၁၂)အိတ်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁,၉၇၀,၀၀၀)ပြား (အလေးချိန် ၁၇၇.၃ ကီလို)အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသော တောင်ကြီးမြို့နေ တရားခံများဖြစ်သည့်ခွန်ဝေယံတိုး(ခ)တိုးတိုး၊ အသက်(၁၇)နှစ်၊(ဘ)ဦးတိုးမင်းအောင်၊ ခွန်ဇော်ဖုန်းမြတ်၊ အသက်(၁၅)နှစ်၊ (ဘ)ဦးအောင်သူ၊ ခွန်ထက်ရှိုင်း၊ အသက်(၁၇)နှစ်၊ (ဘ)ဦးမောင်ပို၊ ခွန်ရန်ဝင်းအောင်၊အသက်(၁၇)နှစ်၊ (ဘ)ဦးဝင်းအောင်၊ သဒ္ဓါမိုးစက်(ခ)နန်းစီဖောင်း၊ အသက်(၂၃)နှစ်၊ (ဘ)ဦးအောင်လှိုင်မြင့်၊ ရဲဝင်းနိုင်၊ အသက်(၁၉)နှစ်၊ (ဘ)ဦးခင်မောင်ချင်းတို့အား ဖမ်းဆီးရမိခဲ့သည်။
တရားခံများအား ကွင်းဆက်တရားခံ ဖော်ထုတ်နိုင်ရေးအတွက် အမှတ် (၅၅) မူးယစ် တပ်စု/မိတ္ထီလာမှ ဒုရဲမှူးကျော်စွာထွန်းနှင့်အဖွဲ့၊ သာစည်မြို့၊ မီးရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးလျက်ရှိသည်။နောင်တွင် ရထားပေါ်၌ မူးယစ်ဆေးဝါးများ တင်ဆောင်မှုမရှိစေရေး မြန်မာ့မီးရထားတာဝန်ရှိသူများက စိစစ်ကြပ်မတ်သွားမည်ကြောင်း သတင်းရရှိသည်။
#PAN