(ပြည်တွင်း) ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ လွှတ်တော်ရုံး သဘင်ဆောင်ခန်းမတွင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ၂ နာရီခွဲ အချိန်အတွင်း ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဌ ဦးကျော်မြင့်၊ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ၃၅ဦး၊ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်၊တစညပါတီမှ ၈ဦး၊ပြည်သူ့ရှေ့ဆောင်ပါတီမှ ၅ဦး၊ပြည်သူ့ပါတီမှ ၅ဦး၊ရှမ်းနှင့်တိုင်းရင်း သားများဒီမိုကရက်တစ်ပါတီမှ ၁ဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ဦး၊စုစုပေါင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ၇၂ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခိုင်က ဒေသန္တရစီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီစိုးက ဘဏ္ဍာငွေစာရင်းရေးဆွဲရေး လုပ်ငန်းစဉ်များကိုလည်းကောင်း PowerPoint ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ဒုတိယဥက္ကဌ ဦးကျော်မြင့်၊ညွှန်ကြားရေးမှုး ဒေါ်ကြည်ကြည်ခိုင်၊ညွှန်ကြားရေးမှုး ဒေါ်ရီရီစိုးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
