(ပြည်တွင်း) မတ် ၂၅
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ယာယီကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ကြေညာလိုက်သည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လတာ ကာလအတွင်း သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအခွန်ကင်းလွတ်ခွင့်သည်အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ သတ်မှတ်ကာလအတွင်း တင်သွင်းလာသော ဓာတ်မြေဩဇာများ အပေါ်သာ အကျုံးဝင်မည်ဖြစ်သည်။
ယခုကဲ့သို့ အခွန်ကင်းလွတ်ခွင့် ပြုလုပ်ခြင်းသည် စိုက်ပျိုးရေးကုန်ကျစရိတ် လျှော့ချနိုင်ခြင်းဓာတ်မြေဩဇာဈေးနှုန်း တည်ငြိမ်စေနိုင်ခြင်း ထုတ်လုပ်မှု တိုးတက်လာနိုင်ခြင်းတို့အတွက် အထောက်အကူဖြစ်စေမည်ဟု တောင်သူတစ်ချို့မှ ခန့်မှန်းထားသည်။
စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသည့် အခြေခံကဏ္ဍတစ်ခုဖြစ်သဖြင့် ယခုလို အခွန်လျှော့ချမှုများမှတစ်ဆင့် တောင်သူများကို အထောက်အပံ့ပေးရန် ရည်ရွယ်ထားခြင်းဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးသွင်းအားစုရောင်းချသူတစ်ချို့မှပြောဆိုထားသည်။
#PAN