“PDF အဖွဲ့ဝင် ၇ ဦး လက်နက်နှင့်အလင်းဝင်”

(ပြည်တွင်း) ဧပြီ ၁

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြသည့် PDF အဖွဲ့ဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို ယနေ့နေ့လယ်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပြန်လည်ဝင်ရောက်လာသူများတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ၂ ဦး၊ တနင်္သာရီမြို့မှ ၂ ဦး၊ ဘုတ်ပြင်းမြို့မှ ၁ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ ၁ ဦး၊ အင်္ဂပူမြို့မှ ၁ ဦး ပါဝင်ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုနှုတ်ဆက်ပြီး အသိပညာပေး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်လည်ဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် HK-33 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက်၊ ကျည်အိမ် ၅ ခု၊ ၅.၅၆ မီလီမီတာ ကျည် ၁၈၈ တောင့်၊ MG-1 လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ကာအင်္ကျီ ၁ ထည်တို့ကို လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ယင်းနောက် တာဝန်ရှိသူများက လက်နက်နှင့်အတူ ပြန်လည်ဝင်ရောက်လာသူများအတွက် သေနတ် ၁ လက်လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် သေနတ် ၂ လက်အတွက် ကျပ်သိန်း ၁၀၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ကျပ် ၃ သိန်းနှင့် လက်နက်မဲ့ ဝင်ရောက်လာသူ ၅ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၁၅၃ ကို ဆုကြေးအဖြစ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြန်လည်ဝင်ရောက်လာသူများအား ခံဝန်ကတိလက်မှတ်များရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့ကာ ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အာဏာပိုင်များအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်နေသူများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆက်လက်ဖိတ်ခေါ်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#PAN