“ရန်ကုန်မြို့၌ နှစ်ရက်အတွင်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွား”

(မှုခင်း) ဧပြီ ၁ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ အချိန်မီ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၇)ရပ်ကွက်၊ အောင်မင်းခေါင် (၃) လမ်းတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် ရေသယ်ယာဉ် ၁ စီး အပါအဝင် နယ်မြေမီးသတ်စခန်းများမှ ယာဉ်များစုပေါင်း ထွက်ခွာငြှိမ်းသတ်ခဲ့ရ‌ကြောင်း သိရသည်။

ထို့အပြင် ည ၉ နာရီ ၅၄ မိနစ်ခန့်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုန် (၁) ကျိုင်းတုံလမ်းတွင် မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ် ၃ စီးနှင့် ရေသယ်ယာဉ် ၁ စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အတွင်းပဒံကျေးရွာအနီး၌ ကိုင်းတောမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ် ၁ စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၄ မိနစ်တွင် မီးငြိမ်းခဲ့သည်။

ထို့နောက် မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၉ မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ (၃)ရပ်ကွက်၊ ကျောင်းကုန်း (၃) လမ်းတွင် မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ် ၂ စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုများနှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စိစစ်လျက်ရှိကြောင်း သိရသည်။

#PAN