(မြဝတီ) ဧပြီ ၁
မြန်မာ–ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မြဝတီ–ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်အာရှလမ်းသစ်ကိုပြန်လည်ရရှိရန် တပ်မတော်မှ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရပြီး ယခင် တိုက်ပွဲများနှင့် KNU PDF များ မိုင်းခွဲဖျက်ဆီးမှုများကြောင့် ပျက်စီးခဲ့ပြီး ယာဉ်အသွားအလာများ ရပ်ဆိုင်းထားရသည့် အခြေအနေဖြစ်ခဲ့သည်။
ထို့နောက် တပ်မတော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လမ်းနှင့် တံတားများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်ပွဲကို ဧပြီ ၂ ရက်တွင် အာရှလမ်းသစ်ပေါ်၌ ဆရာတော်သံဃာတော်များအား ပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ် တရားနာယူပြီး ကျင်းပမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားထားသည်။
ယခင်က ကော့ကရိတ်နှင့် မြဝတီဒေသများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ အာရှလမ်းသစ်ပေါ်တွင် ယာဉ်အသွားအလာများ ရပ်ဆိုင်းခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။
အာရှလမ်းသစ်ပိတ်ထားစဉ်အတွင်း ယာဉ်များသည် မြဝတီ–ကော့ကရိတ် လမ်းဟောင်း၊ ၁၀၁၈ လမ်း၊ ထိုးကော်ကိုးလမ်းနှင့် ကြက်ဥတောင်လမ်းများကို အသုံးပြု၍ ခက်ခက်ခဲခဲ သွားလာခဲ့ရကြောင်း သိရသည်။
အဆိုပါ လမ်းပြန်လည်ဖွင့်လှစ်ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
#PAN