အီရန်ပဋိပက္ခ အဆုံးသတ်ရေး တရုတ်နှင့် ပါကစ္စတန်တို့ အချက် ၅ ချက်ပါ အဆိုပြုချက် ထုတ်ပြန်

(နိုင်ငံတကာ) ဧပြီ ၁

     တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှာ့ခ် ဒါး (Ishaq Dar) တို့သည် အင်္ဂါနေ့တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေး နွေးပြီး ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးအတွက် တရုတ်-ပါကစ္စတန်တို့၏ အချက် ၅ ချက်ပါ အဆိုပြုချက်ကို ထုတ်ပြန်ခဲ့သည်။

     ၎င်း အဆိုပြုချက် ၅ ချက်မှာ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်ရန်၊ အရပ်သားများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများအပါအဝင် စစ်ဘက်ဆိုင်ရာမဟုတ်သော ပစ်မှတ်များကို တိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်တန့်ရန်၊ ဟော်မုဇ်ရေလက်ကြားနှင့် အခြားသော ရေကြောင်းလမ်းကြောင်းများ၏ လုံခြုံ ရေးကို အာမခံရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အရေးပါမှုကို ဦးစားပေးဆောင်ရွက်ရန်တို့ ဖြစ်သည်။

      ပါကစ္စတန်နိုင်ငံသည် လက်ရှိတွင်  အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား ကြားခံစေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

     အဆိုပါ တွေ့ဆုံမှုတွင် ”တိုက်ခိုက်မှုများကို အမြန်ဆုံးအဆုံးသတ်ရန်၊ ငြိမ်း ချမ်းရေးအတွက် အခွင့် အလမ်းများ ဖန်တီးရန်နှင့် ဆွေးနွေးပွဲလမ်းစများ ပွင့်လာစေရန်အတွက် ပါကစ္စတန်နှင့်အတူ ပူးပေါင်းကြိုးပမ်းသွားရန် အသင့်ရှိကြောင်း” ဝမ်ယိက ပြောကြားခဲ့သည်။

     ပါကစ္စတန်အနေဖြင့် အဖွဲ့အစည်းအားလုံး ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်နိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် ဆက်သွယ်ညှိနှိုင်းမှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု ဝန်ကြီး ဒါးက ဆိုသည်။

     နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် ပြီးခဲ့သည့်သောကြာနေ့က ဖုန်းဖြင့်ဆွေးနွေးခဲ့ပြီးနောက် ယခု ကဲ့သို့ လူကိုယ်တိုင် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ပါကစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ယူဆရသည်။

​#ChinaPakistanAlliance #MiddleEastPeacePlan #WangYi #IshaqDar #IranConflict #DiplomacyOverWar #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN