(ပြည်တွင်း) ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် တပ်နယ်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ဦးဆောင်ညွှန်ကြားချက်အရ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုကို လျော့ချရန် အသိပညာပေးလက်ကမ်းစာများနှင့် နှာခေါင်းစည်း(Mask)များကို ဧပြီ ၁ နံနက်ပိုင်းတွင် ဟောင်လိတ်မီးပွိုင့်လမ်းဆုံမှစ၍ ဗိုလ်ချုပ်လမ်းမကြီးတစ်လျောက်တွင် ဖြန့်ဝေပေးခဲ့သည်။

ဤအစီအစဉ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ နယ်မြေရဲစခန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ခဲ့သည်။

ပူးပေါင်းအဖွဲ့များသည် ဟောင်လိတ်ရပ်ကွက်ရှိ ကြိုဆိုပါ၏ဆိုင်းဘုတ်အနီး၊ ရန်အောင်မြေရပ်ကွက်ရှိ ပါလျှံ(၃) မီးပွိုင့်လမ်းဆုံအနီးနှင့် တာလော့ရပ်ကွက်ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံးအနီးတို့တွင် မောင်တော်ယာဉ်မောင်းနှင်သူများအား မြန်မာ၊ ရှမ်း၊ အာခါ၊ လားဟူဘာသာစကားဖြင့်ရေးသားထားသော အသိပညာပေးလက်ကမ်းစာ ၁,၅၀၀ စောင်နှင့် နှာခေါင်းစည်း ၁,၅၀၀ ကို ဖြန့်ဝေခဲ့ကြသည်။

ထို့အပြင် အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့(တာချီလိတ်)မှ ဒုတိယရဲအုပ် ဦးအေးဝင်း ဦးဆောင်သည့် ယာဉ်ထိန်းစစ်ဆေးအဖွဲ့က မော်တော်ယာဉ်မောင်းသူများအား ယာဉ်မောင်းလိုင်စင်၊ သတ်မှတ်နံပါတ်ပြား၊ ထိုင်ခုံခါးပတ်၊ ဆိုင်ကယ်မောင်းသူများအတွက် စီးဦးထုပ်၊ မေးသိုင်းကြိုး၊ သုံးယောက်စီးနင်းခြင်း၊ ပါဝါအိပ်ဇောတပ်ဆင်စီးနင်းခြင်း စသည့် စည်းကမ်းများအရ စစ်ဆေးပြီး စည်းကမ်းချိုးဖောက်သူများကို မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဤလှုပ်ရှားမှုများသည် တာချီလိတ်မြို့၌ လေထုညစ်ညမ်းမှုလျော့ချခြင်းနှင့် မော်တော်ယာဉ်လုံခြုံရေးအရည်အချင်းမြှင့်တင်ရေးအတွက် အရေးပါသောကိစ္စများအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


#PAN