အီရန်စစ်ပွဲ ကုန်ကျစရိတ်များကို အာရပ်နိုင်ငံများက ကျခံရန် သမ္မတထရန့် တောင်းဆိုဖွယ်ရှိကြောင်း အိမ်ဖြူတော် ပြောကြား

(နိုင်ငံတကာ)မတ် ၃၁

     အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ဆင်နွှဲနေသောစစ်ပွဲသည် တစ်လပြည့်မြောက်လာချိန်တွင် စစ်စရိတ်ကုန်ကျမှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ရာချီအထိ မြင့်တက်လာနေသည်။ ယခုအခါ သမ္မတ ဒေါ်နယ်ထရန့်သည် ဤကြီးမားလှသော စစ်စရိတ်များကို အာရပ်မဟာမိတ်နိုင်ငံများက ဝိုင်းဝန်းကျခံရန် တောင်းဆိုရန် ပြင်ဆင်နေကြောင်း အိမ်ဖြူတော်က အတည်ပြုပြောကြားလိုက်သည်။

     အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ် (Karoline Leavitt) က တနင်္လာနေ့ သတင်းစာရှင်း လင်းပွဲတွင် သမ္မတထရန့်သည် အာရပ်နိုင်ငံများထံမှ စစ်စရိတ်တောင်းခံရန် အလွန်စိတ်ဝင်စားနေကြောင်း ထုတ် ဖော်ပြောဆိုခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပင်လယ်ကွေ့စစ်ပွဲစဉ်က မဟာမိတ်များက အမေရိကန်အား ဒေါ်လာ ၅၄ ဘီလီယံ (ယနေ့ခေတ်တန်ဖိုးအရ ဒေါ်လာ ၁၃၄ ဘီလီယံခန့်) ထောက်ပံ့ခဲ့သည့် သမိုင်းဝင်ပုံစံအတိုင်း ယခုတစ်ကြိမ်တွင်လည်း တောင်းဆိုဖွယ်ရှိနေသည်။

     “ဒါဟာ သမ္မတအနေနဲ့ အာရပ်နိုင်ငံတွေကို တောင်းဆိုဖို့ တော်တော်လေး စိတ်ဝင်စားမယ့် ကိစ္စတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါဟာ သူ (ထရန့်) စဉ်းစားထားတဲ့ အကြံဉာဏ်တစ်ခုဆိုတာ သေချာပါတယ်” ဟု လီဗစ်က ဆိုသည်။

     စစ်ရေးလေ့လာသုံးသပ်မှုများအရ အီရန်စစ်ပွဲ၏ ကုန်ကျစရိတ်မှာ ထင်ထားသည်ထက် ပိုမိုမြင့်မားနေသည်။ စစ်ပွဲ၏ ပထမခြောက်ရက်တာ ကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံ ဖြစ် ကြောင်း အရာရှိများက အမေရိကန်ကွန်ဂရက်အမတ်များအား လျှို့ဝှက်ကြားနာမှုတစ်ခုတွင် ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာများက ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။

     ၁၂ ရက်မြောက်နေ့ ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၆.၅ ဘီလီယံအထိ မြင့်တက်လာကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန(CSIS)က ခန့်မှန်းထား သည်။ လက်ရှိ (၃၁ ရက်မြောက်နေ့) စစ်ပွဲမှာ တစ်လပြည့်လာပြီဖြစ်သဖြင့် ကုန်ကျစရိတ်မှာ ယခုထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေပြီဖြစ်သည်။

     အိမ်ဖြူတော်သည် အီရန်စစ်ဆင်ရေးကို ဆက် လက်လုပ်ဆောင်ရန်နှင့် ပင်တဂွန်၏ ခဲယမ်းမီး ကျောက် လက်ကျန်များကို ပြန်လည်ဖြည့်တင်းရန်အတွက် လွှတ်တော်ထံမှ အပိုဆောင်းစစ်အသုံးစရိတ် အနည်း ဆုံး ဒေါ်လာ ဘီလီယံ ၂၀၀ ကို တောင်းခံရန် ကြိုးပမ်းနေသည်။

     ထရန့်နှင့် ရင်းနှီးသည့် အကြံပေးများကမူ အီရန်နှင့် မည်သည့်အပစ်အခတ်ရပ်စဲရေးတွင်မဆို အီရန်ဘက်က စစ်စရိတ်အားလုံးကို ရေနံဖြင့် ပြန်လည်ပေးဆပ်ရမည်ဟု တောင်းဆိုနေကြသည်။ သို့သော် အီရန်ဘက်ကမူ ၎င်းတို့သည် သံတမန်နည်းလမ်းဖြင့် ညှိနှိုင်းနေစဉ်အတွင်း အမေရိကန်က ဦးစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် အမေရိကန်ကသာ စစ်လျော်ကြေးပေးရမည်ဟု တန်ပြန်တောင်းဆိုထားသည်။

     အီရန်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို ပိတ်ဆို့လိုက်ခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ ထိုးတက်သွားခဲ့သည်။ အမေရိကန်ပြည် ထောင်စုတွင် စက်သုံးဆီဈေးမှာ တစ်ဂါလန်လျှင် ၃.၉၉ ဒေါ်လာ အထိ ရောက်ရှိလာပြီး စစ်မဖြစ်မီကထက် တစ်ဒေါ်လာကျော် မြင့်တက်သွားခြင်း ဖြစ် သည်။

     အိမ်ဖြူတော်ကမူ ဤဆီဈေးတက်မှုသည် အီရန်၏ ခြိမ်းခြောက်မှုကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ပေး ဆပ်ရသည့် “ရေတို” အခက်အခဲသာဖြစ်ပြီး ရေရှည်တွင် အမေရိကန်နှင့် မဟာမိတ်များအတွက် အကျိုးရှိလိမ့်မည်ဟု ကာကွယ်ပြောဆိုထားသည်။

      ယခုစစ်ပွဲသည် အမေရိကန်နှင့် အစ္စရေးတို့က မဟာ မိတ်များကို အသိပေးခြင်းမရှိဘဲ တစ်ဦးတည်းသဘောဖြင့် စတင်ခဲ့ခြင်းဖြစ်သော်လည်း၊ ကုန်ကျ စရိတ်ကိုမူ အာရပ်နိုင်ငံများက ဝိုင်းဝန်းကျခံရန် တောင်းဆိုလာခြင်းမှာ ထရန့်၏ “စစ်ပွဲမှ အမြတ်ထုတ်ရမည်” ဟူသော မူဝါဒကို ပြသနေသည်။ အကယ်၍ အာရပ်နိုင်ငံများက စစ်စရိတ်ထည့်ဝင်ရန် ငြင်းဆန်ခဲ့ပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ မဟာမိတ်ဆက်ဆံရေးမှာ အကြီးအကျယ် ယိမ်းယိုင်သွားနိုင်ဖွယ် ရှိနေပါသည်။

​#TrumpIranWar #WarFunding #ArabStates #OilMarket #StraitOfHormuz #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN