“မြဝတီတွင် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများတွင် ပါဝင်သူ ပြည်ပနိုင်ငံသား ၆၅ ဦးကို ပြည်နှင်လွှဲပြောင်း”

(ပြည်တွင်း) မတ် ၃၀

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား ၆၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


ပြည်နှင်လွှဲပြောင်းပေးခဲ့သူများတွင် အီသီယိုးပီးယားနိုင်ငံသား ၃၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၇ ဦး၊ ကင်ညာနိုင်ငံသား ၁ ဦးနှင့် ရဝမ်ဒါနိုင်ငံသား ၁ ဦး ပါဝင်ပြီး မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုအခြေခံဖြင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။


ယင်းလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ စာရင်းဇယားများ တိကျမှန်ကန်စေရေးကို ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။


ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံရှိ ဗီယက်နမ်သံရုံး၊ အီသီယိုးပီးယား၊ ကင်ညာနှင့် ရဝမ်ဒါနိုင်ငံသံရုံးကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လိုအပ်သော အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


စာရင်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၁၆ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၃၄၀၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသည့် ၁၂၁၅ ဦးကိုလည်း ဆက်လက်လွှဲပြောင်းပေးရန် စီစဉ်ထားပြီး လုံခြုံစွာ ထိန်းသိမ်းထားရှိကြောင်း သိရသည်။


အာဏာပိုင်များအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်သည့် ကွန်ယက်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးခံရသူများနှင့် ဒုက္ခရောက်နေသော နိုင်ငံခြားသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN