အောင်ပန်းတွင် KTV ကိုဝင်ရောက်ရှာဖွေရာ Ketamine ဖမ်းမိလူ ၇ ဦးကို အမှုဖွင့်စစ်ဆေး

(မှုခင်း) မတ် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့အနီးတွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ ၂၉ ရက် နံနက်အစောပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ လွယ်မောကျေးရွာအနီးရှိ KTV တစ်ခုအား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။

ရှာဖွေစစ်ဆေးရာ KTV အတွင်းမှ Ketamine ၁ ဂရမ်ခန့်စီ ပါဝင်သည့် အထုပ် ၄ ထုပ် (စုစုပေါင်း ၄ ဂရမ်ခန့်) နှင့် ယင်းဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လူ ၇ ဦးထံမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ ၇ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကွင်းဆက်ပါဝင်သူများအား ဆက်လက်ဖော်ထုတ်နိုင်ရေးကိုလည်း သက်ဆိုင်ရာအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။