နောက်ဆုံးတော့ Donald Trump က သူ့ကို အစ္စရေးက လှည့်စားနေတယ်ဆိုတာ သဘောပေါက်သွားခဲ့

(နိုင်ငံတကာ)မတ် ၃၀

     အီရန်နှင့် စစ်ပွဲဆင်နွှဲနေသည့် ပုံစံနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့် (Donald Trump) နှင့် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) တို့အကြား လူသိ ရှင်ကြား စကားများလာခြင်းက ၎င်းတို့နှစ်ဦးလုံးသည် မူလစစ်ရေးရည်မှန်းချက်ထက် ကျော်လွန်ဆောင်ရွက်နေသည့် “Mission creep” အခြေအနေသို့ ရောက်ရှိနေပြီဆိုသည့် စွပ်စွဲချက်များကို ထွက်ပေါ်လာစေသည်။

     “Mission creep” ဆိုသည်မှာ စစ်ရေးစောင်ရွက်မှုတစ်ခုသည် မူလရည်ရွယ်ချက်၊ နယ်ပယ်နှင့် သတ် မှတ်ထားသော ဘတ်ဂျက်ထက် ကျော်လွန်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။

     အစ္စရေး၏ Channel 12 ရုပ်သံသတင်းအရ  အီရန်ဘက်မှ ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူး အလီ လာရီဂျာနီ (Ali Larijani) နှင့် ဘာဆစ် (Basij) ပြည်သူ့စစ်တပ်မှူး ဂိုလမ်ရီဇာ ဆိုလေမာနီ (Gholamreza Soleimani) တို့ လုပ်ကြံခံရပြီးနောက်၊ အီရန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေပုန်ကန်မှု (General insurrection) ပြုလုပ်ရန် နေတန်ယာဟုက တိုက်တွန်းခဲ့သည့်အပေါ် ထရန့်က အလွန်အမင်း ဒေါသထွက်နေကြောင်း သိရသည်။

     စစ်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက် ပထမပိုင်းနာရီများတွင် ထရန့်ကိုယ်တိုင် အစိုးရအပြောင်းအလဲ (Regime change) အတွက် တိုက်တွန်းခဲ့သော်လည်း၊ ယခုအခါ အီရန်ပြည်သူများ လမ်းပေါ်ထွက်ကာ အစိုး ရကို ဖြုတ်ချရန် အမေရိကန်က တိုက်တွန်းပေးပါဟု အစ္စရေးဝန်ကြီးချုပ်၏ တောင်းဆိုမှုကို ထရန့်က ပြင်း ပြင်းထန်ထန် ပယ်ချခဲ့သည်။

အစ္စရေးထောက်လှမ်းရေး၏ အဆိုအရ အီရန်အစိုး ရသည် ပြိုကွဲလုနီးပါး ဖြစ်နေသည်ဟု ဆိုသော်လည်း ထရန့်ကမူ နေတန်ယာဟုအား ဖုန်းဖြင့် ဆက်သွယ်ကာ – “လူတွေ လမ်းပေါ်ထွက်ရင် သူတို့တွေ အပစ်သတ်ခံရ (Mowed down) မှာပဲရှိတာ၊ ဘာဖြစ်လို့ ကျွန်တော်တို့က သူတို့ကို လမ်းပေါ်ထွက်ဖို့ သွားပြောရမှာလဲ?” ဟု ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြောင်း သတင်းများက ဆိုသည်။

     သမ္မတထရန့်အတွက်မူ ယခုအခြေအနေမှာ မူလ စစ်ရေးရည်မှန်းချက်ထက် ကျော်လွန်နေပြီဖြစ်သည်။ အိမ်ဖြူတော်က လူထုအုံကြွမှုနှင့် တော်လှန်ရေးဆို သည်မှာ မူလစစ်ပွဲစီမံကိန်းတွင် မပါဝင်ကြောင်း အရိပ် အမြွက် ပြောကြားနေသော်လည်း၊ အစ္စရေးအစိုးရအတွက်မူ အီရန်အစိုးရအပြောင်းအလဲ (Regime Change) သည် အဓိကရည်မှန်းချက် ဖြစ်နေသည်။ ဤအပတ်အတွင်း ထရန့်က လွှတ်တော်အမတ်များကို ပြောကြားရာတွင် ၎င်း၏ ရည်မှန်းချက်မှာ အီရန်၏ ပဲ့ထိန်းဒုံးကျည်တပ်ဖွဲ့များ၊ နျူကလီးယားလက်နက် အလားအလာများ၊ ရေတပ်နှင့် အကြမ်းဖက်လက်ဝေခံအဖွဲ့များကို ဖျက်ဆီးရန်သာဖြစ်ပြီး “အစိုးရအပြောင်းအလဲ” ဆိုသည့်စကားကို ရက်သတ္တပတ်ပေါင်းများစွာ ထည့်သွင်းပြောကြားခြင်း မရှိတော့ပေ။

     ထရန့်အနေဖြင့် ယခုရက်သတ္တပတ်ကုန်တွင် စစ်ပွဲကိုအဆုံးသတ်ရန် “သဘောတူညီချက်” (Deal) တစ်ခု ပြုလုပ်တော့မည်ကို နေတန်ယာဟုက စိုးရိမ်နေသည်။ ထို့ကြောင့် နေတန်ယာဟုသည် ၎င်း၏ စစ်ဗိုလ်ချုပ်များကို လာမည့် ၄၈ နာရီအတွင်း အီရန်ရှိ အဓိကပစ် မှတ်များကို “အလုံးစုံ ချေမှုန်းရေးစစ်ဆင်ရေး” (All-out blitz) ဆင်နွှဲရန် ညွှန်ကြားထားကြောင်း သတင်းများက ဖော်ပြနေသည်။

     ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ် ဆို့ခံရမှုနှင့် ပါရှန်းပင်လယ်ကွေ့မှ ရေနံနှင့် ဓာတ်ငွေ့တင်ပို့မှုများ ရပ်တန့်သွားခြင်းက “အီရန်စစ်ဆင်ရေးကို အမြန်အဆုံးသတ်နိုင်မည်” ဟူသော ထရန့်၏ ယုံကြည်မှုကို ရိုက်ချိုးလိုက်ပုံရသည်။ ထရန့်ကိုယ်တိုင်လည်း မူလရည်မှန်းချက်ထက် ကျော်လွန်သည့် “Mission creep” အခြေအနေသို့ ရောက်ရှိနေပြီး၊ မရိန်းတပ်ဖွဲ့ဝင်များနှင့် အမှတ် (၈၂) လေကြောင်းချီတပ်မမှ စစ်သည်အင်အား ၁၀,၀၀၀ ကျော်ကို ပင်လယ်ကွေ့ဒေသသို့ စေလွှတ်ရန် အမိန့်ပေးခဲ့သည်။

     ပင်တဂွန်မှ ပေါက်ကြားလာသော သတင်းများအရ အမေရိကန်မြေပြင်တပ်ဖွဲ့များသည် ပင်လယ်ကွေ့အထက်ပိုင်းရှိ အဓိကရေနံတင်ပို့ရာ ခါ့ဂ်ကျွန်း (Kharg Island) နှင့် ရေလက်ကြားအနီးရှိ လားရတ်ကျွန်း (Larak Island) တို့ကို ဝင်ရောက်သိမ်းပိုက်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ ကွန်မန်ဒိုများနှင့် လေကြောင်းချီတပ်ဖွဲ့များကို စေလွှတ်ကာ ရေလက်ကြားကို အတင်း အဓမ္မ ဖွင့်လှစ်ရန် ကြိုးပမ်းခြင်းသည် အလွန်ကြီးမား သော လောင်း ကြေးထပ်မှု(Gamble) ဖြစ်သည်။ မူလက လေကြောင်းတိုက်ခိုက်မှုသာ ပါဝင်သည့် စီမံကိန်းတွင် မြေပြင်စစ်ဆင်ရေးမှာ မပါဝင်ခဲ့ပေ။

     လက်ရှိတွင် ထရန့်သည် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် (Deal) တစ်ခု ရရှိရန် ကြိုးပမ်းနေသည်။ ဤအားပြိုင်မှုများကြားတွင် အီရန်စစ်ပွဲသည် ကမ္ဘာ့စီးပွားရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် ဆယ်စုနှစ်နှင့်ချီသော နှစ်ရှည်စစ်ပွဲနွံကြီးတစ်ခု ဖြစ်သွားမလားဆိုသည်မှာ အလွန်ပင် စိုးရိမ်ဖွယ်ရာ ကောင်းနေပါသည်။

​#IranWarStrategy #TrumpVsNetanyahu #KhargIsland #MissionCreep #OperationRoaringLion #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN