
(မှုခင်း) မတ် ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၈ တွင် အိမ်ဖောက်ထွင်းမှုကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိပြီးနောက် ၎င်းတို့ခိုးယူထားသည့် ဆိုင်ကယ် ၉ စီးကို ထပ်မံဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၆ ရက်နေ့တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ကျော်ဦးနှင့် မင်းမင်း (ခ) ရခိုင် တို့၏ ထွက်ဆိုချက်အရ လားရှိုးမြို့အတွင်း ရပ်ကွက် ၇ မှ ဆိုင်ကယ် ၄ စီး၊ ရပ်ကွက် ၈ မှ ၂ စီးနှင့် ရပ်ကွက် ၁ မှ ၃ စီး စုစုပေါင်း ၉ စီးကို ခိုးယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထို့နောက် မတ်လ ၂၉ ရက်နေ့တွင် အဆိုပါ ဆိုင်ကယ်များကို ဆက်လက်ရှာဖွေဖော်ထုတ်ရာမှ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာအာဏာပိုင်များက ဆိုင်ကယ်ပိုင်ရှင်များအား မိမိတို့ပိုင်ဆိုင်မှု ဟုတ်မဟုတ်ကို ခိုးယူခံရသည့် နေရာ၊ နေ့ရက်များနှင့် သက်သေအထောက်အထားများ ပြသကာ လာရောက်စစ်ဆေးနိုင်ကြောင်းနှင့် အတည်ပြုနိုင်ပါက ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် လတ်တလောကာလအတွင်း လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေများအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း ဒေသခံများက ပြောကြားကြသည်။