
(မှုခင်း) မတ် ၃၀
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ညောင်ခါးရှည်အနီးတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၉ ရက် ည ၇ နာရီခွဲခန့်တွင် လမ်းဘေးတွင် ရပ်ထားသည့် ၁၂ ဘီးယာဉ်ကို Taxi အငှားယာဉ်တစ်စီးက အရှိန်ပြင်းစွာ နောက်ဘက်မှ ဝင်တိုက်မိရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် Taxi ယာဉ်ပေါ်ပါသူ သုံးဦးလုံး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် ယာဉ်မောင်းအမျိုးသားနှင့် ဘေးထိုင်အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးတို့မှာ သားအဖဖြစ်ကြောင်း သိရသည်။ နောက်ခန်းတွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး၏ ဆက်နွယ်မှုကိုမူ သေချာမသိရသေးကြောင်း သိရသည်။
သေဆုံးသူများမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူများဖြစ်ပြီး မိသားစုဝင်များနှင့် အဆက်အသွယ် ရရှိထားကြောင်း သိရသည်။ အနာဂါတ်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သေဆုံးသူများကို ညောင်ခါးရှည် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၂၈ ရက်နေ့တွင်လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၁၈/၄) တွင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး သံဃာတစ်ပါးအပါအဝင် လူသုံးဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စာရင်းများအရ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ၁၇၄ မှု ဖြစ်ပွားခဲ့ပြီး လူ ၈၂ ဦး သေဆုံးကာ ၂၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။