(ပြည်တွင်း) မတ် ၃၀
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၀ နာရီ ၄၅ မိနစ်အထိ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဌ ဦးကျော်မြင့်နှင့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ပြီး ပျက်ကွက်သူ မရှိကြောင်း သိရသည်။

အစည်းအဝေးတွင် ဥက္ကဌ ဦးအောင်ကျော်မိုးက လွှတ်တော်ကော်မတီများ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးဆိုင်ရာကော်မတီများကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းကြေညာခဲ့သည်။

ထို့ပြင် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းရန် အမည်စာရင်းများကိုလည်း လွှတ်တော်သို့ တင်ပြခဲ့ပြီး သက်ဆိုင်ရာ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် သက်တမ်းများကို ဒုတိယဥက္ကဌ ဦးကျော်မြင့်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေး (တတိယနေ့) ကို အောင်မြင်စွာ ပြီးစီးခဲ့ပြီး လာမည့် မတ်လ ၃၁ ရက်နေ့တွင် အစည်းအဝေး (စတုတ္ထနေ့) ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN